မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်း

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်း

ဇန်နဝါရီလ ၂၃ ရက်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် စိန့်ပီတာ ရင်ပြင်၌ တနင်္ဂနွေ ဆုတောင်းပွဲအတွင်း ကမ္ဘာတွင် ကြုံတွေ့နေရသော ပဋိပက္ခများနှင့်ပတ်သက်ပြီး အလေးအနက် မိန့်ကြားခဲ့ပြီး အခက်အခဲ ဒုက္ခများနှင့် ရင်ဆိုင်နေရသူများအတွက် ဆုတောင်းမေတ္တာပို့သပေးခဲ့သည်။

ထိုမတိုင်မီ ပြီးခဲ့သည့် သီတင်းပတ်က မြန်မာအာဏာသိမ်းစစ်တပ်သည် နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကျေးရွာတစ်ရွာဖြစ်သော ချမ်းသာရွာရှိ  ရှေးဟောင်းဘုရားကျောင်းတစ်ကျောင်း ဖြစ်သည့် church of Assumption ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့သည်။ နေအိမ် ၅၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသလို ရွာသူရွာသား ၃,၀၀၀ ခန့် နေရပ်စွန့်ခွာ ဘေးလွတ်ရာထွက်ပြေးခဲ့ရကြောင်း Vatican News က ဖော်ပြသည်။

မြန်မာစစ်တပ်သည် ၂၀၂၁ ဖေဖေါ်ဝါရီလက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အစိုးရတစ်ရပ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည်။

ချမ်းသာရွာရှိ မီးရှို့ဖျက်ဆီးခံရသည့် ဘုရားကျောင်းသည် မြန်မာနိုင်ငံတွင် “ရှေးအကျဆုံးနှင့် အရေးအပါအဆုံး ဝတ်ပြုဆုတောင်းရာ ဘုရားကျောင်းတစ်ကျောင်း” ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်သည်။

“မြန်မာနိုင်ငံက အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မိတယ်။ မိမိအနေနဲ့ ခြိမ်းခြောက်ခံနေရတဲ့ ပြည်သူတွေနဲ့ လူ့အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် တစ်သားတည်း ရှိနေပါတယ်။ ဘုရားသခင်က ဒီပဋိပက္ခကို မြန်မြန်ဆန်ဆန် ပြီးဆုံးအောင် အဆုံးသတ်ပေးနိုင်ပါစေ” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသည်။

ပုပ်ရဟန်းမင်းကြီးသည် ပီရူးနိုင်ငံအတွက်လည်း အလားတူ ဆုတောင်းပေးခဲ့သည်။ ပီရူးနိုင်ငံတွင် ယခင်သမ္မတဟောင်း ပက်ဒရို ကက်စ်တီလိုကို ထောက်ခံသူများက လက်ရှိသမ္မတ ဒီနာ ဘိုလာ့တ်ကို ဖြုတ်ချရန် ကြိုးပမ်းစဉ် အကြမ်းဖက်မှုအသွင် ပြောင်းလဲခဲ့ပြီး လူ ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း စီအင်န်အင်န်က ဖော်ပြသည်။

“အကြမ်းဖက်မှုတွေက မျှော်လင့်ချက်ရဲ့ အလားအလာကို ပျောက်ပျက်စေပါတယ်၊ နိုင်ငံတစ်နိုင်ငံတည်းက ညီအကိုတွေ အချင်းချင်း အပြည့်အဝ လေးစားပါ။ အကြမ်းဖက်မှုကို မိမိ လက်မခံပါ။ နောက်ထပ် လူသေဆုံးမှုတွေ ထပ်မရှိပါစေနဲ့တော့” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်သည်။

တနင်္ဂနွေနေ့ စိန့်ပီတာ ရင်ပြင် ဆုတောင်းပွဲတွင် ပီရူးနိုင်ငံသားများလည်း တက်ရောက်ခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်သည်။

တစ်ချိန်တည်းမှာပင် ၂၀၁၇ ခုနှစ်ကတည်းက ပြည်တွင်းစစ်အောက် ရောက်ရှိနေသည့် ကင်မရွန်းတွင်လည်း အကြမ်းဖက်မှု ရပ်ဆိုင်းစေရေး တိုးတက်မှုများ ရစေရန် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက မိန့်သည်။ ပဋိပက္ခအတွင်း လုံခြုံရေးတပ်ဖွဲ့များ သို့မဟုတ် အခြား လက်နက်ကိုင်အဖွဲ့များကြောင့် လူ ၄,၀၀၀ ခန့်သေဆုံးခဲ့ကြောင်း HRW က ဖော်ပြသည်။

ထို့ပြင် ပုပ်ရဟန်းမင်းကြီးသည် ယူကရိန်းပြည်သူများအတွက်လည်း ဆုတောင်းမေတ္တာပို့ခဲ့သည်။

“ယူကရိန်းက အာဇာနည်တွေအတွက် ငြိမ်းချမ်းရေး ဆုတောင်းဖို့ မိမိတို့ ဘယ်တော့မှ မမေ့လျော့ကြပါစို့။ အကြီးအကျယ် ထိခိုက်ခံစားနေရသူတွေအတွက် ဘုရားသခင်က နှစ်သိမ့်ပေးပါစေ”။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly