“ကျနော်တို့ တိုင်းရင်းသားတွေအားလုံးကို လျစ်လျူလုံးဝရှုမထားဘူး” (ဒုတိယသမ္မတလောင်း ဦးဟင်နရီဗန်ထီးယူနှင့် တွေ့ဆုံခြင်း)

“ကျနော်တို့ တိုင်းရင်းသားတွေအားလုံးကို လျစ်လျူလုံးဝရှုမထားဘူး” (ဒုတိယသမ္မတလောင်း ဦးဟင်နရီဗန်ထီးယူနှင့် တွေ့ဆုံခြင်း)
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်တွင် ဒုတိယသမ္မတလောင်းအဖြစ် ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို မတ်လ ၁၀ရက်တွင် အဆိုပြုလိုက်ပြီဖြစ်သည်။ NLDပါတီ အမျိုးသားလွှတ်တော်အမတ် ဦးဟင်နရီဗန်ထီးယူသည် တပ်မတော်တွင် နှစ်ပေါင်း (၂၀)ကြာ ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုခံရသည့်အပေါ် စိတ်ခံစားချက်၊ ဒုတိယသမ္မတတစ်ဦးဖြစ်လာပါက လုပ်ဆောင်လိုသည့်အကြောင်းအရာများစသည်တို့ကို မတ်လ ၁၀ရက်၊ နေ့လည်ပိုင်းတွင် မဇ္ဈိမအပါအဝင် မီဒီယာအချို့က စည်ပင်ဧည့်ရိပ်သာတွင် သွားရောက်တွေ့ဆုံကာ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

 

မေး။ ။ ဒုသမ္မတရာထူး စာရင်းသွင်းမယ်ဆိုတာ ဘယ်ရက်ကတည်းက စ သိတာလဲ။

ဖြေ။ ။ လွန်ခဲ့တဲ့ လေး၊ ငါးရက် လောက်က စသိပါတယ်။ အတိအကျတော့ မပြောတော့ဘူး။ (ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့တာပါ )  

 

မေး။ ။ ဒီလိုသိတော့ ဘယ်လိုခံစားရလဲ။

ဖြေ။ ။ အဲ့အချိန်မှာ ကျနော်တကယ် အံ့သြမိတယ်။ ကျနော့်မှာ အဲ့လောက်ထိ မျှော်မှန်းရည်ရွယ်ထားတာ မရှိပါဘူး။ ရိုးရိုးသာမန်အမတ်အဆင့်နဲ့ပဲ ဒီမှာလာပြီး ကိုယ့်ဒေသအတွက်ပေါ့နော်။ ဒီမှာလာပြီး ပြည်သူလူထုကိုယ်စားပေါ့ ဒီမှာလာပြီး ပြောပေးမယ်ပေါ့။ ကျနော့်ကိုခေါ်ပြီး ဆန္ဒသဘောထားလေး မေးမြန်းကြည့်တဲ့အခါမှာ ကျနော် မထင်မှတ်တဲ့  very excited (အရမ်းစိတ်လှုပ်ရှား) ဖြစ်သွားတာပေါ့။

 

 မေး။ ။ မိသားစုရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ကျနော့် မိသားစုက ဒီလိုတာဝန်နဲ့ ပတ်သက်ပြီးတော့ ကျနော် အမတ် စ ဖြစ်လာကတည်းက အများကြီး ဂုဏ်ယူပါတယ်။ အားလည်း ပေးပါတယ်။ ဘာပဲ ပြောပြောပေါ့နော် ကိုယ့်ဒေသအတွက်၊ ကျနော်တို့ ချင်းပြည်နယ်က အင်မတန်မှကို သူများ တခြား တိုင်းနဲ့ပြည်နယ်ထက် နောက်ကျတာပေါ့။ ကိုယ့်ဒေသအတွက် တတ်စွမ်းသမျှ ပါဝင်ခွင့်ရမှာဆိုတော့ (သူတို့) ဂုဏ်ယူကြတာပေါ့။ အားလည်းပေးကြတယ်။ ဝမ်းလည်း သာပါတယ်။

 

 မေး။ ။ ဦးဟင်နရီရဲ့ ကိုယ်ရေးအကျဉ်းကို ပြောပြပါလား။

ဖြေ။ ။ ကျနော် အရင်က တပ်ထဲမှာ နှစ်နှစ်ဆယ်လောက် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဗိုလ်မှုးအဆင့်ထိ တာဝန်ထမ်းဆောင်တယ်။ ပြီးတော့မှ အမှတ် (၁) စစ်မှုဝန်ကြီးဌာနကို ကျနော် ညွှန်ကြားရေးမှုးအဆင့်နဲ့ ပြောင်းတယ်။ မန္တလေးမှာ ကျနော် ဗာဂျီးနီးယား စက်မှုလုပ်ငန်းလုပ်တယ်။ ပြီးတော့ ရန်ကုန်ရုံးချုပ်မှာ ဒါရိုက်တာ တစ်နှစ်လုပ်တယ်။ ပြီးတော့ ဘီးလင်းအရက်ချက်စက်ရုံမှာ သုံးနှစ်လုပ်တယ်။ စက်မှု (၁) မှာ ကိုးနှစ်၊ တပ်ထဲမှာ နှစ်နှစ်ဆယ်လောက် တာဝန် ထမ်းဆောင်ခဲ့တယ်။

 

မေး။ ။ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ယုံကြည်ချက် ရှိသလား။

ဖြေ။ ။ ကျနော့်မှာ ယုံကြည်ချက်ရှိပါတယ်။ ယုံကြည်ချက်က တာဝန်တစ်ခု ပေးအပ်လာတဲ့အခါမှာ အဲ့တာဝန်ကိုအကောင်းဆုံး ကြိုးစားပြီး အကောင်အထည်ဖေါ်မယ်ဆိုတဲ့ ခံယူချက်ရှိပါတယ်။

 

မေး။ ။ တိုင်းရင်းသားတွေ အများကြီးထဲက ချင်း တိုင်းရင်းသားဖြစ်တဲ့ ဦးဟင်နရီကိုမှ ရွေးချယ်တဲ့အတွက် ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအားလုံးပါပဲ။ ကျနော်တို့ ချင်း ချည်းပဲ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းရင်းသားတွေအားလုံးကို လျစ်လျူလုံးဝရှုမထားဘူး။ အတတ်နိုင်ဆုံးလက်တွဲခေါ်ပြီးတော့ တိုင်းပြည်မှာ ပူးပေါင်းပြီး တာဝန်ထမ်းဆောင်ကြမယ်ဆိုတဲ့ အနေအထားမျိုးပေါ့နော်။ အန်တီဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားတွေအပေါ်မှာ အလေးအနက်ထားတယ် ဆိုတာမျိုုးပေါ့ ကျနော်အဲ့လိုပဲ ခံယူထားတယ်။

 

မေး။ ။ ဖွဲ့စည်းပုံအရဆိုရင် ဒုသမ္မတတွေရဲ့ လုပ်ပိုင်ခွင့်က ပြောပလောက်အောင် မရှိဘူးပေါ့။ ဦးဟင်နရီအနေနဲ့ ဘယ်အတိုင်းအတာထိ လုပ်နိုင်မယ် ထင်ပါသလဲ။

ဖြေ။ ။ ဘယ်လောက်အတိုင်းအတာထိလဲ ဆိုရင် လက်တွေ့ လုပ်ကြည့်မှပဲ သိရမယ်ဗျ။ မလုပ်သေးခင်တော့ မလုပ်ဖူးသေးဘူး ဆိုတော့ ကျနော် ဘယ်လိုမှ ပြောလို့ မရသေးဘူး။ လုပ်နေရင်းနဲ့ပဲ အတိုင်းအတာဆိုတာ ပေါ်မှာပေါ့။

 

မေး။ ။ ကိုယ်တိုင်က တိုင်းရင်းသားတစ်ယောက်ဖြစ်နေတော့ တိုင်းရင်းသားအရေးအပါအဝင် ဘာတွေလုပ်ချင်တာ ရှိလဲ။

ဖြေ။ ။ အဓိကကတော့ တိုင်းရင်းသားဒေသတော်တော်များများမှာ ငြိမ်းချမ်းရေးမရှိဘူး။ အဲ့ဒီ ငြိမ်းချမ်းရေးပေါ့နော်။ အေးချမ်းတည်ငြိမ်ရေးကို ကျွန်တော်ဖြစ်စေချင်တယ်။ အထူးသဖြင့် တိုင်းနဲ့ပြည်နယ်တွေမှာ ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးဟာ ချင်းပြည်နယ်မှာ အင်မတန်မှ အခက်အခဲဖြစ်ပါတယ်။ အဲ့ဒီဟာက အဓိကဖြစ်နေတယ်။ လိုအပ်ချက်တွေကတော့ အများကြီးပါပဲ။

 

မေး။ ။ ငြိမ်းချမ်းရေးကိစ္စကို ပြောသွားတယ်ပေါ့လေ။ ဒါနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့လောက်ပဲ NCAကို လက်မှတ်ထိုးတယ်။ တခြားအဖွဲ့တွေ ဘာကြောင့်မထိုးဘူးလို့ ထင်လဲ။

ဖြေ။ ။ အဲ့ဒီဟာတွေနဲ့ပတ်သက်လို့ ကျွန်တော်က သုံးသပ်ချက်ပေးလိုက်မယ်ဆိုရင် သိပ်တော့ မကောင်းဘူး ထင်တယ်။

 

မေး။ ။ NLDအစိုးရလက်ထက်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမယ်လို့ ယုံကြည်မှုရှိလား။

ဖြေ။ ။ ကျွန်တော်ယုံကြည်မှုရှိတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ပါတီဥက္ကဌနဲ့ ပါတီမူဝါဒက ငြိမ်းချမ်းရေးကို အဓိကကြိုးစားပြီးလုပ်မယ်ဆိုပြီးတော့ ရည်ရွယ်ချက်လည်း ရှိပါတယ်။ ဒီဥစ္စာကို ဦးစားပေးလုပ်လိုက်မယ်ဆိုလို့ရှိရင် အခုအခင်းအကျင်းကို ကြည့်လိုက်မယ်ဆိုရင်လည်း ကျွန်တော်တို့တိုင်းရင်းသားတွေကို တော်တော်လေးကို အဓိကနေရာတာဝန်ပေးတာတွေ့တဲ့အခါမှာ ဒါဟာ တစ်ဖက်ကကြည့်မယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်ဖြစ်သလိုပဲ၊ အမျိုးသားရင်ကြားစေ့ရေးအတွက်လို့ပဲ ကျွန်တော်မှတ်ယူပါတယ် ခင်ဗျ…။

……………….။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly