မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံလမ်းကြောင်းအတိုင်း လိုက်ရန် အိန္ဒိယကို အင်ဒိုနီးရှား တိုက်တွန်း

မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံလမ်းကြောင်းအတိုင်း လိုက်ရန် အိန္ဒိယကို အင်ဒိုနီးရှား တိုက်တွန်း

ဒီဇင်ဘာလ ၁၂ ရက်

အိန္ဒိယနှင့် အခြားသော နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး “မတူညီသော” လမ်းကြောင်းတစ်ခုအတိုင်း သွားခြင်းထက် အာဆီယံ၏ မြန်မာ့အရေးဆိုင်ရာ မူဝါဒကို လေးစားသင့်ပြီး အာဆီယံလမ်းကြောင်းအတိုင်း လိုက်သင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီက ပြောကြားလိုက်သည်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံသည့် အိန္ဒိယ၏ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်ရောက်နိုင်ရေး အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို “ထိရောက်မှု လျော့နည်း” သလို ဖြစ်စေနိုင်ကြောင်း အင်ဒိုနီးရှားဝန်ကြီးက The Hindu ကို ပြောသည်။

ယင်းအစား အိန္ဒိယနှင့် အခြားနိုင်ငံများအနေဖြင့် အာဆီယံ၏ “ဘုံသဘောတူညီချက် ငါးချက်” အတိုင်း လိုက်သင့်ကြောင်း သူမက တိုက်တွန်းသည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးချက်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်စဲရေး၊ သက်ဆိုင်ပတ်သက်သူအားလုံးအကြား ညှိနှိုင်းဆွေးနွေးရေး၊ အထူးသံတမန်တစ်ဦး ခန့်အပ်ရေး၊ အာဆီယံမှ လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေးနှင့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံနိုင်ရေး မြန်မာနိုင်ငံသို့ အာဆီယံအထူးသံတမန် သွားရောက်ရေးတို့ကို တောင်းဆိုထားသည်။

“ကျေးဇူးပြုပြီးတော့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံပံ့ပိုးပေးကြပါလို့ အာဆီယံရဲ့ မိတ်ဖက်ပါတနာတွေကို ကျွန်မတို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှင်တို့က မတူခြားနားစွာ လုပ်တယ်ဆိုရင် အဲဒါက မြန်မာနိုင်ငံကို လက်ရှိ ဒီနိုင်ငံရေးအကျပ်အတည်းကနေ လွတ်မြောက်စေအောင် ကူညီဖို့ ကျွန်မတို့ရဲ့ အားထုတ်မှုတွေကို ထိရောက်မှုရှိစေအောင် ကူညီပေးနိုင်မှာ မဟုတ်လို့ပါပဲ” ဟု မစ္စ မာဆုဒီက ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly