ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံတွင် Summer Prince & Princess ပြိုင်ပွဲ ကျင်းပ ပြုလုပ်မည်

ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံတွင် Summer Prince & Princess ပြိုင်ပွဲ ကျင်းပ ပြုလုပ်မည်

Summer Prince & Princess ပြိုင်ပွဲကို မတ်လ ၁၀ရက်တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား တောင်ဘက်မုဒ် ဦးဥတ္တမ ပန်းခြံ အတွင်းရှိ Happy World ကစားကွင်းတွင် Style Plus H သင်တန်းကျောင်းမှ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။

ထို ပြိုင်ပွဲကို Style Plus H သင်တန်းကျောင်းမှ ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံတွင် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး စင်္ကာပူနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် ၁၆ကြိမ်မြောက် ကျင်းပ ပြုလုပ်မည့် Prince & Princess International 2016 ပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင် ခွင့် ရမည် ဖြစ်သည်။

Style Plus H သင်တန်းကျောင်းမှ မလှနုထွန်း က "မြန်မာပြည်မှာ Prince & Princess ပြိုင်ပွဲကို ပထမဆုံး လုပ်တာပါ ။ မိဘတွေ နဲ့ တိုင်ပင်ပြီး ပြည်ပ ပွဲကို ဆက်သွားမယ်။ အခု ပြည်တွင်းမှာ ပထမ ရတိုင်းတော့ ပြည်ပပွဲကို တန်း မလွှတ်ဘူး။ မိဘ က လည်း အဆင်ပြေမှ လိုက်နိုင်မှ ရွေးပြီး လွှတ်သွားမှာပါ။ အဓိက က ကလေးတွေ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိရှိ နဲ့ စင်ပေါ်ကို တက်ရဲစေဖို့ နဲ့ အမေးအဖြေတွေကို ကိုယ့်စိတ်ခံစား ချက် အတိုင်း မေးတတ်ဖြေတတ်အောင် ပြီးတော့ သူတို့ရဲ့ Talent ပေါ့ သူတို့ ဘယ်နေရာမှာ တော်လဲ ဆိုတာ သူတို့ကိုယ်သူတို့ သိဖို့ အတွက်ရယ် အဲတာတွေကြောင့် လုပ်ဖြစ်တာပါ " ဟု ပြောသည်။

ထို ပြိုင်ပွဲတွင် အသက် ၇ နှစ် မှ ၉နှစ် ရှိသူများသည် Little Prince & Little Princess ခေါင်းစဉ် ဖြင့် ယှဉ်ပြိုင် ရမည် ဖြစ်ပြီး အသက် ၁၀ နှစ် မှ ၁၂နှစ် ရှိသူသည် Junior Prince & Junior Princess ခေင်းစဉ် ဖြင့် ယှဉ်ပြိုင်မည် ဖြစ်ကာ အသက် ၁၃ နှစ် မှ ၁၅ နှစ် ရှိသူများသည် Teen Prince & Teen Princess ခေါင်းစဉ် အောက်တွင် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

ပြိုင်ပွဲဝင်များသည် အက စွမ်းရည် (Dance Competition) (၂မိနစ်စာ) ၊ အဆို စွမ်းရည် (Song Bird Competition) ( ၂မိနစ်စာ) ၊ အခြား စွမ်းရည် (Other Talent Competition) (၂မိနစ်စာ) ၊ အင်္ဂလိပ် စာလုံး ပေါင်း ပြိုင်ပွဲ (Spelling Bee) ၊ ဝတ်စုံ ပြိုင်ပွဲ (Best In Costume) တို့ဖြင့် မိမိ ကြိုက်နှစ်သက်ရာ ပြိုင်ပွဲ များ တွင် အသီးသီး ဝင်ရောက် ယှဉ်ပြိုင် နိုင်သည်။

ပြိုင်ပွဲ တစ်ခုချင်းစီ အတွက် ပထမ ၊ ဒုတိယ ၊ တတိယ ရရှိသူများကို ဆုတံဆိပ် နှင့် လက်ဆောင် ပစ္စည်းများ အပြင် Style Plus H သင်တန်းကျောင်းမှ ပြုလုပ်မည့် ကျပ် နှစ်သိန်း တန်ဖိုးရှိ Summer Prince & Princess Programme သင်တန်းတွင် 100% ၊ 75% ၊ 50% Scholarship သတ်မှတ်၍ တက်ရောက်ခွင့် ပြုမည့် အပြင် Sponsor ကုမ္ပဏီ များမှ လည်း လက်ဆောင် ပစ္စည်းများ ပေးအပ် သွားမည် ဖြစ်သည်။

လက်ရှိတွင် ပြိုင်ပွဲဝင် လျှောက်လွှာများကို လက်ခံ နေပြီ ဖြစ်ပြီး မတ်လ ၇ရက် နှင့် ၈ရက် တို့တွင် Rehearsal ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး မတ်လ ၁၀ရက် မှာတော့ ပြိုင်ပွဲ အနေဖြင့် ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။

Prince & Princess International 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် Mini Miss Myanmar 2015 အသက် ၄နှစ်ခွဲ ရှိသည့် ချစ်ချစ်တုန် ၊ Little Miss Myanmar 2015 ရှင်းသန့်ဖြူစင် ၊ Little Mister Myanmar 2015 ဇွဲသူရိန် ၊ Junior Mister Myanmar 2015 လရောင်လင်း ခေါ် Thomas Tun ၊ Miss Teen Myanmar 2015 မေနန္ဒာကျော် ၊ Mr. Teen Myanmar ဟိန်းမင်းသူ တို့မှ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြသည်။

Mr. Teen Myanmar ဟိန်းမင်းသူ က Best Introduction ဆု ၊ Miss Teen Myanmar မေနန္ဒာကျော်မှ Best Party Wear ဆု ၊ Little Miss Myanmar ရှင်းသန့်ဖြူစင်က Best Portfolio ဆု ၊ Little Mister Myanmar 2015 ဇွဲသူရိန် က Junior Prince International ဆု ၊ Junior Mister Myanmar 2015 လရောင် လင်း (ခေါ်) Thomas Tun မှ Best Pajamas ဆု ၊ Mini Miss Myanmar ချစ်ချစ်တုန် မှ Asia Pacific Child Super Model for Swim wear 2015 ဆု အပြင် Talent Show တွင် မြန်မာအက၊စက်ရုပ်အက ကို အင်္ဂလိပ် သီချင်း ပေါင်းပြီး (၃)မျိုး စပ် အကနှင့်ယှဉ်ပြိုင် ခဲ့ရာမှ "Asia Child Dance Super Talent 2015" Winner ဆုကို ရရှိ ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly