အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် မြန်မာစစ်ကောင်စီ ခေါင်းဆောင်များနှင့် တွေ့ဆုံ

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် မြန်မာစစ်ကောင်စီ ခေါင်းဆောင်များနှင့် တွေ့ဆုံ

နိုဝင်ဘာ ၂၃

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံခြားရေးအတွင်းဝန် ဗီနေး ကွာထရာသည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို နှစ်ရက်တာ ခရီးစဉ် လာရောက်ပြီး အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်သည် စစ်ကောင်စီဥက္ကဋ္ဌအပြင် အာဏာသိမ်းစစ်အုပ်စု၏ အခြားအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရာတွင် နယ်စပ် စီမံခန့်ခွဲမှု၊ လူကုန်ကူးမှု တားဆီးရေးနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

သို့သော် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်သည် စစ်ကောင်စီ၏ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း မရှိသလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေး တောင်းဆိုခဲ့ခြင်း မရှိပေ။

ယင်းအတွက်ကြောင့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်၏ ခရီးစဉ်က မြန်မာ အာဏာသိမ်းစစ်အုပ်စုအပေါ် ထားသည့် အိန္ဒိယအစိုးရ၏ သဘောထား ပျော့ပျောင်းလာဖွယ်ရာ ရှိကြောင်းကို ပြသနေသည်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်းကူးပြောင်းမှုနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တွစ်တာတွင် ရေးသည်။ သို့သော် တရားဝင် သတင်းထုတ်ပြန်ချက်တွင် မြန်မာတွင် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေး သို့မဟုတ် ထိန်းသိမ်းဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဆိုပြီး ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

“အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဟာ မြန်မာ စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ အိန္ဒိယနဲ့ မြန်မာအကြား နယ်စပ်ဧရိယာတွေမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီး အိန္ဒိယနိုင်ငံသား အများအပြား ဖမ်းဆီးပိတ်လှောင်ခံခဲ့ရတဲ့ မြန်မာနိုင်ငံ မြဝတီဧရိယာမှာ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းအဖွဲ့တွေရဲ့ လူကုန်ကူးမှု အရေးကိစ္စနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့တယ်။ နှစ်နိုင်ငံ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့တယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required