ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်ရုံးတွင် အထိုင်ချနေသည့် ပျူစောထီးများ ဗုံးပစ်တိုက်ခိုက်ခံရပြီး ပွဲချင်းပြီးသေဆုံးသူရှိ

ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်ရုံးတွင် အထိုင်ချနေသည့် ပျူစောထီးများ ဗုံးပစ်တိုက်ခိုက်ခံရပြီး ပွဲချင်းပြီးသေဆုံးသူရှိ

နိုဝင်ဘာ ၂၃

မန္တလေး(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အထိုင်ချလှုပ်ရှားနေသည့် ပျူစောထီးများ ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ဗုံးပစ်တိုက်ခိုက်ခံရပြီး ပျူစောထီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဗုံးပစ်တိုက်ခိုက်ခံရသည့်ရုံးသည် ပြည်ကြီးတံခွန်မြို့နယ် ၅၆ လမ်းနှင့် ၁၃၃ လမ်းထောင့်ရှိ (ဇ)ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးဖြစ်ပြီး အဆိုပါရုံးတွင် မြို့နယ်အဆင့် ပျူစောထီးအဖွဲ့ဝင်များအထိုင်ချလှုပ်ရှားလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

“ပျူတစ်ကောင်လစ်သွားတယ်။ သုံးလေးယောက်လောက်လည်းဒဏ်ရာရတယ်လို့ သိရတယ်။ ဆေးရုံကားတင် သုံးစီးလောက်ဝင်ထွက်နေတာတွေ့တယ်။ အဲဒီရုံးက ပျူစောထီးတွေစတည်းချနေကျရုံးလေ” ဟု ဒေသခံတစ်ဦး ကပြောသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က ပျူစောထီးများ စုဝေးရာ (ဇ) ရပ်ကွက်ရုံးအတွင်းသို့ လျက်စားပုလင်း(ဗုံး) ပစ်ကျွေးခဲ့ရာ ပျူစောထီး တစ်ဦး နေရာ၌ပင် သေဆုံးခဲ့ကြောင်း Anonymous Force MDY က သတင်းထုတ်ပြန် ထားသည်။

အဆိုပါတိုက်ခိုက်မှုကို မန္တလေးအခြေစိုက်ပြည်သူ့ ကာကွယ်ရေးမြို့ပြ ပြောက်ကျား တပ်ဖွဲ့များဖြစ်သည့် Anonymous Force MDY၊ Truth Keeping Force AMA နှင့် Mandalay Young Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့်၎င်းတို့၏ လက်အောက်ခံ အဖွဲ့များ လုံခြုံရေး တင်းကျပ် စစ်ဆေးနေသည့်ကြားမှ အဆိုပါအုပ်ချုပ်ရေးမှူးရုံး ဗုံးပစ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

#ပြည်ကြီးတံခွန်မြို့နယ်

#ဇရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး

#ဗုံးပစ်တိုက်ခိုက်

#ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly