ပုသိမ်အကျဥ်းထောင်တွင် အရက်မူးနေသည့် ရဲက နိုင်ငံရေးအကျဉ်းသားကို ကိုယ်ထိလက်ရောက် ကျူးလွန်ရာက ရုတ်ရုတ်သဲသဲဖြစ်

ပုသိမ်အကျဥ်းထောင်တွင် အရက်မူးနေသည့် ရဲက နိုင်ငံရေးအကျဉ်းသားကို ကိုယ်ထိလက်ရောက် ကျူးလွန်ရာက ရုတ်ရုတ်သဲသဲဖြစ်

နိုဝင်ဘာ ၂၂

မဇ္စျိမ။ ။ပုသိမ်အကျဥ်းထောင်တွင် ၊ ယနေ့ နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းအချိန်က အရက်မူးနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက နိုင်ငံရေးအကျဥ်းသားတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ရာမှ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုများထံက သိရသည်။

ပုသိမ်ထောင်တွင်းတရားရုံးသို့ ရုံးထုတ်လာသည့် နိုင်ငံရေးအကျဥ်းသား ခုနစ်ဦး၊ အကျဥ်းထောင်အတွင်းသို့ ပြန်လည်ဝင်ရောက်စဥ် မိသားစုဝင်များကို လက်ပြနှုတ်ဆက်ရာ အရက်မူးနေသည့် ရဲတပ်ဖွဲ့ဝင်က ကိုယ်ထိလက်ရောက် ဟန့်တားခဲ့သည့်အတွက် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"ထောင်တွင်းတရားရုံးမှာ အမှုစစ်ပြီးလို့ ထောင်ထဲကို ပြန်ဝင်တဲ့ နိုင်ငံရေးအကျဥ်းသားတွေက ထောင်အပြင်မှာရှိနေတဲ့ မိသားစုတွေကို လက်ပြတယ်။ လက်ပြလို့ဆိုပြီး အရက်မူးနေတဲ့ ရဲက နိုင်ကျဥ်းတစ်ယောက်ကို လာဟန့်ပြီး ဆောင့်တွန်းလိုက်တယ်။ နိုင်ငံရေးအကျဥ်းသား လဲကျသွားတော့ အဲ့ဒီ နိုင်ငံရေးအကျဥ်းသားနဲ့ လက်ထိပ်တွေအတွဲလိုက်ကြီး ခတ်ခံထားရတဲ့ ခြောက်ယောက်ပါ လဲကျမလိုဖြစ်သွားတာပေါ့။ အဲ့ဒီကနေ စပြီး စကားများရန်ဖြစ်တာပါ"ဟု ဆက်လက်ပြောသည်။

ထို့နောက် ပုသိမ်အကျဥ်းထောင် ဓမ္မာရုံအတွင်း ရုံးထုတ်ရန် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဥ်းသားများနှင့် ၊ ရဲတပ်ဖွဲ့ဝင်နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအကျဥ်းသားများက လက်သုံးချောင်းထောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်က ပြောသည်။

ထိုသို့ဖြစ်ပွားပြီး မိနစ်အနည်းငယ်တွင် ပုသိမ်မြို့နယ် ရဲမှူးဆိုသူနှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)များ ရောက်ရှိလာကာ တရားရုံးထုတ် ရောက်ရှိနေသည့် နိုင်ငံရေးအကျဥ်းသားများကို ပုသိမ်အကျဥ်းထောင်အတွင်း ပြန်ဝင်စေခဲ့သည်ဟု သိရသည်။

"မူးနေတဲ့ရဲကစပြီး နိုင်ငံရေးအကျဥ်းသားကို ကိုယ်ထိလက်ရောက်ကျူး လွန်တာဆိုတော့ သူတို့ဘက်ကလွန်တာပေါ့။ ဘယ်လိုဆက်ဖြစ်မယ်တော့ မသိရသေးဘူး"ဟု နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်ကပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ ဖျာပုံအကျဥ်းထောင် ၊မအူပင်အကျဥ်းထောင်၊ ပုသိမ်အကျဥ်းထောင်နှင့် အခြားခရိုင်များရှိ ထောင်များတွင်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားများကို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ပြုလုပ်နေသည်ဟု နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုများထံက သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ဧရာဝတီတိုင်း

#ပုသိမ်အကျဉ်းထောင်

#နိုင်ငံရေးအကျဉ်းသား

#ကိုယ်ထိလက်ရောက်ကျူးလွန်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required