ပုဏ္ဏားကျွန်းတွင် (၅၅၀)တပ်ရင်းမှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံ ၇,၀၀၀ ခန့် ထွက်ပြေးနေရ

By သူသူဇော်
21 November 2022
ပုဏ္ဏားကျွန်းတွင် (၅၅၀)တပ်ရင်းမှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံ ၇,၀၀၀ ခန့် ထွက်ပြေးနေရ

နိုဝင်ဘာ ၂၁

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများ တင်းကျပ်ပြီး ပုဏ္ဏားကျွန်း အခြေစိုက် (၅၅၀) တပ်ရင်းမှလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှုများကို နေ့စဉ် လုပ်နေသည့်အတွက် ဒေသခံ ၇,၀၀၀ ခန့်အထိ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနှင့် ဆင်အင်ကြီးကျေးရွာကြားတွင် နိုဝင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီ ရိက္ခာတင်ကားနှစ်စီးကို AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများက စစ်ဆေးရေး တင်းကျပ်ပြီး ကျေးရွာများအား လေကြောင်း၊ ရေကြောင်းများဖြင့် ဦးတည်တိုက်ခိုက်နေခြင်း ဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့မှ ဒေသခံများအပါအဝင်၊ ကျော်ဇံကျေးရွာ၊ ဆင်အင်းကြီးကျေးရွာ၊ တန်းခိုးကျေးရွာ၊ရေဖြူကန်၊ ကျွဲထိုးကျေးရွာ၊ ကွန်းတောင်ကျေးရွာနှင့် ကျောက်ဆိတ်ကျေးရွာများမှ ဒေသခံ ၇,၀၀၀ ခန့်မှာ အနီးအနားရှိ ကျေးရွာများအား စစ်ဘေးရှောင်နေကြကြောင်းလည်း ပုဏ္ဏားကျွန်းမှ တက်ကြွလူပ်ရှားသည့် လူငယ်တစ်ဦးက ဆိုသည်။

“ ပုဏ္ဏားကျွန်းမြို့ပေါ်က လူဦးရေ ၂၀ရာခိုင်နူန်းကျော်က တိမ်းရှောင်နေကြတာရှိပါတယ်။ ဒါ့အပြင် တခြားလက်နက်ကြီးကျတဲ့ ကျေးရွာတွေကလည်း အဓိက တိမ်းရှောင်နေကြတယ်။ အခုလည်း သူတို့ ထွက်ပြေးနေကြတာတွေ ဆက်လက်ရှိနေပါတယ်။ (၅၅၀) တပ်ရင်းက နေပြီးတော့ လက်နက်ကြီးပစ်ခတ်မှုတွေကလည်း နေ့တိုင်းရှိနေတော့ အဲဒီ တပ်ရင်းနဲ့ နီးတဲ့ ရပ်ကွက်က လူတွေ ထွက်ပြေးနေကြတာပေါ့။ ပုဏ္ဏားကျွန်းမြို့ရော နယ်တွေကပါ ဒေသခံ စုစုပေါင်း ၆,၀၀၀၊ ၇,၀၀၀ လောက်တော့ ရှိမယ်။ ဒီနေ့လည်း တိမ်းရှောင်သွားတာတွေ ဆက်လက်ရှိနေတယ်။ အဓိကက ပေါက်တောဖက်ကို တိမ်းရှောင်သွားတာတွေ ပိုများပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း ပုဏ္ဏားကျွန်းမြို့လယ် အေးစေတီအနားမှနေပြီး ဈေးဆိုင်တန်းများမှ ခုံတန်းများကို ယူကာ လမ်းပိတ်ထားကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“ ဒီနေ့က ၉နာရီခွဲလောက်ကနေ စစ်ကြောင်းတစ်ကြောင်း ဝင်လာပြီးတော့ ဈေးက ခုံတန်းတွေကို ယူပြီးတော့ လမ်းတွေကို ပိတ်ထားပါတယ်။ မြို့လယ်ခေါင်း အေးစေတီနားကနေ ပိတ်ထားတာ။ ပြောရမယ်ဆိုရင် ပုဏ္ဏားကျွန်းက နှစ်ခြမ်းဖြစ်သွားတာပေါ့၊ လူဆိုရင် လူပဲသွား၊ ဆိုင်ကယ်တွေ ကားတွေကို ဖြတ်သန်းခွင့်မပေးပါဘူး” ဟု ၎င်းက ဆိုသည်။

ပုဏ္ဏားကျွန်းအခြေစိုက် (၅၅၀) တပ်ရင်းတွင်လည်း နေ့စဉ်နေ့တိုင်း လေယာဉ်ဖြင့် အတက်အဆင်းလုပ်နေပြီး လူအင်းအားဖြည့်တင်းခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စံပြရပ်ကွက်မှ ဒေသခံက ဆိုသည်။

“ (၅၅၀) တပ်ရင်းကို လေယာဉ်က တစ်နေ့ကို လေးကြိမ်းလောက်ကို အတက်အဆင်းရှိနေပါတယ်။ ကားတွေနဲ့ ရိက္ခာဖြည့်တာတွေကို မလုပ်နိုင်တော့ ၊ ရိက္ခာတွေ၊ စစ်သားအင်အားဖြည့်တာတွေကို လေယာဉ်နဲ့ လုပ်နေတယ်လို့ ထင်ပါတယ်။ ဒရုန်းတွေနဲ့လည်း မြို့အနီးအနားက ကျေးရွာတွေကို ပစ်ခတ်နေတာတွေလည်း ရှိနေပါတယ်။” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့တွင် လူသွားလူလာ ခြောက်ကပ်နေပြီး ဈေးဆိုင်၊ ကျောင်းများကိုလည်း ပိတ်ထားကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း (၅၅၀)တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်သည့်အတွက် ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်ကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အတွက် ဒေသခံနှစ်ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#Mizzima

#ပုဏ္ဏားကျွန်းဒေသခံများ

#၅၅၀တပ်ရင်း

#ရခိုင်ပြည်နယ်

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required