ဧရာဝတီတိုင်း မြို့နယ်များ၌ စစ်အုပ်စုခေါင်းဆောင် ​ယတြာချေသည့်အနေဖြင့် နေကြာ စိုက်ခိုင်းနေဟုဆို

ဧရာဝတီတိုင်း မြို့နယ်များ၌ စစ်အုပ်စုခေါင်းဆောင် ​ယတြာချေသည့်အနေဖြင့် နေကြာ စိုက်ခိုင်းနေဟုဆို

နိုဝင်ဘာ ၁၂

မဇ္စျိမ။ ။ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ယတြာချေသည့်အနေဖြင့် မြို့နယ်တစ်မြို့နယ်လျှင် နေကြာ ဧက ၂,၀၀၀ ကျော် စိုက်ခိုင်းနေကြောင်းဒေသခံများထံက သိရသည်။

နှစ်စဥ် နွေစပါးနှင့် ဆောင်းစပါးစိုက်ပျိုးသည့်အချိန် မတ်ပဲ၊ ပဲတီစိမ်းများ စိုက်ပျိုးရာ၌ ကြားညှပ်စိုက်ပျိုးရမည်ဟု သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရပ်ကျေးစာရေးများက ဖိအားပေးနေခြင်းဖြစ်သည်ဟု CDM ဝန်ထမ်းတစ်ဦးက ဆိုသည်။

"အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတွေက နှစ်စဥ်ပဲစိုက်တဲ့ လယ်သမားစာရင်းတွေကို ကောက်ပြီး စိုက်ပျိုးရေးရုံးကို စာရင်းတင်ပြရတယ်။စိုက်ပျိုးရေးရုံးက စာရင်းထဲမှာပါတဲ့ လယ်သမားတွေကို မျိုးစေ့ရောင်းတယ်။ ဟိုနေ့က မြဝတီသတင်းမှာ နေကြာမျိုးစေ့ပေးအပ်ပွဲဆိုပြီး ပါလာတာတွေ့တယ်။ အလကား ဝါဒဖြန့်နေတာ တကယ်တမ်းက ဝယ်ရတာပါ"ဟုဆိုသည်။

ကျေးရွာအုပ်စု တစ်အုပ်စုလျှင် နေကြာ ဧက ၅၀ ခန့် စိုက်ပျိုးခိုင်းနေသည်ဟု သိရပြီး ၊ တစ်မြို့နယ်လျှင် နေကြာ ဧက ၂,၀၀၀ ကျော်ခန့် စိုက်ခိုင်းနေခြင်းဖြစ်သည်ဟု လယ်သမားများက ဆိုသည်။

ထိုသို့ မတ်ပဲ၊ ပဲတီစိမ်းများစိုက်ပျိုးရာတွင် နေကြာ ကြားညှပ်စိုက်ပျိုးမည်ဆိုပါက ရေတင်ရန်လိုအပ်သည်ဟုသိရပြီး ဓာတ်မြေသြဇာ အသုံးပြုရန်လိုအပ်သည်ဟုလည်း လယ်သမားများ၏ပြောပြချက်အရ သိရသည်။

၎င်းအပြင် နေကြာစိုက်ပျိုးပြီးနောက် နေကြာအဝယ်ဒိုင်များ မရှိကြောင်းနှင့် နေကြာဆီကြိတ်ရန် အခက်အခဲများရှိကြောင်း လယ်သမားတစ်ဦးကဆိုသည်။

"အဓိကကတော့ ကားလမ်းဘေး၊ ရွာလမ်းဘေးတွေမှာစိုက်ခိုင်းတာဗျ။ စစ်အုပ်စုခေါင်းဆောင်တွေလာရင် မြင်သာထင်သာရှိအောင်စိုက်ခိုင်းတာထင်ပါတယ်။ အနေကြာအောင် နေကြာစိုက်ခိုင်းပြီး မင်းအောင်လှိုင် ယတြာ ချေတာပေါ့ဗျာ။ နေကြာစိုက်ရင် ရေတင်ဖို့နဲ့ ဓာတ်မြေသြဇာအသုံးပြုဖို့လိုတဲ့အတွက် အသုံးစရိတ်အများကြီးလိုတယ်။ နေကြာအဝယ်ဒိုင်တွေရှိမှာလား၊ ဘယ်စျေးနဲ့ပြန်ဝယ်ပေးမှာလဲ၊ ဒါမှမဟုတ် နေကြာဆီကြိတ်ဖို့ ဘယ်လိုစီစဥ်ပေးမှာလဲဆိုတာတွေ မရှိဘဲစိုက်ခိုင်းနေတာပါ။ သူတို့ဘက်က ဘာအာမခံချက်မှမရှိပါဘူး"ဟုပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိမြို့နယ် တချို့၌ နေကြာစိုက်ပျိုးရန်ဖိအားပေးခံရသည့် လယ်သမားများကို သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးရုံးများက နေကြာမျိုးစေ့များစတင်ရောင်းချနေပြီဖြစ်ကြောင်း လယ်သမားများကဆိုသည်။

ယခုကဲ့သို့ မတ်ပဲ ၊ပဲတီစိမ်းများစိုက်ပျိုးရာတွင် နေကြာကြားညှပ်စိုက်ပျိုးရမည်ဆိုပါက လယ်သမားများ အရှုံးပေါ်နိုင်ကြောင်း၊ စစ်အုပ်စုခေါင်းဆောင် ယတြာချေသည့် လုပ်ရပ်မှာ လယ်သမားများကို ဒုက္ခပေးနေခြင်းသာဖြစ်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#လယ်သမားများ

#ဧရာဝတီတိုင်း

#စိုက်ပျိုးရေးရုံး

#နေကြာမျိုးစေ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly