စစ်ကောင်စီတပ်မှာ သူရဲဘောကြောင်သည့်တပ် ဖြစ်ကြောင်း AA ပြော

By သူသူဇော်
12 November 2022
စစ်ကောင်စီတပ်မှာ သူရဲဘောကြောင်သည့်တပ် ဖြစ်ကြောင်း AA ပြော

November 12

(မဇ္ဈိမ)။ ။ လက်နက်ကိုင်အချင်းချင်း ရင်ဆိုင်မတိုက်ရဲဘဲ အပြစ်မဲ့ပြည်သူကို ဦးတည်တိုက်ခိုက်သော စစ်ကောင်စီတပ်မှာ သူရဲဘောကြောင်သည့် တပ်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ပြောဆိုလိုက်သည်။

စစ်ကောင်စီတပ်မှာ ပြည်သူများ၏ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်း၊ ကုန်စည်စီးဆင်းခြင်းများကို တင်းကျပ်စွာ ပိတ်ဆို့၍ ၎င်းတို့သာလျှင် ရေလမ်း၊ ကုန်လမ်းများမှ တစ်ဆင့် ရိက္ခာပို့ဆောင်ခြင်းများကို ပြုလုပ်နေသည့်အတွက် ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ပစ္စည်းကား တစ်စီးအား ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးရွာအကြားတွင် ဖမ်းဆီးထိန်းသိမ်းလိုက်ရာမှ အပြစ်မဲ့ ပြည်သူလူထုအား ဦးတည်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း AA က ဆိုသည်။

“ လက်နက်ကိုင်အချင်းချင်း ရင်ဆိုင်မတိုက်ရဲဘဲ အပြစ်မဲ့ပြည်သူကိုသာ ဦးတည်တိုက်ခိုက်ဝံ့သော စစ်ကောင်စီ၏ ယခုကဲ့သို့သော လုပ်ရပ်မှာ အလွန်ပင် သူရဲဘောကြောင်သည့် စက်ဆုတ်ရွံ့ရှာဖွယ်ရာ လုပ်ရပ်ဖြစ်သည်။” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်ကြီးကျေးရွာတွင် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်းမှ ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး အသက်ကြီးပိုင်းအပါအဝင် အပြစ်မဲ့အရပ်သား ကိုးဦးထက်မနည်းသော အရေအတွက်အား သွေးအေးအေးဖြင့် ယုတ်မာရိုင်းစိုင်းစွာ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မူကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။

ယင်းအပြင် “ နိုဝင်ဘာလ ၁၀ရက်နှင့် ၁၁ရက်နေ့များ၌လည်း စစ်ကောင်စီသည် ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀)တပ်ရင်း၊ စစ်တွေပါဒလိတ်၊ ကွမ်းတောင် တပ်စခန်းများမှ လက်နက်ကြီးများပစ်ခတ်ခြင်း၊ စစ်ရဟတ်ယာဉ်များ၊ ဒရုန်းများဖြင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျေးရွာများသို့ တမင်တကာ ရည်ရွယ်ချက်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ နှစ်ဦး အသက်သေဆုံးခဲ့ရပြီး၊ အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ငါးဦးထက်မနည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကာ အချို့မှာ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ကြရသည် ”ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များဖြစ်သော စားသောက်ကုန်ပစ္စည်းများ ၊ဆေးဝါး၊ လူ့အသုံးအဆောင်ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်၍ မရအောင် ပိတ်ပင်ကန့်သတ်ပြီး ပြည်သူလူထုကို အငတ်ဘေးဆိုက်အောင် ပြုလုပ်လျက် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူ့အခွင့်အရေးပဋိညာဉ်ဥပဒေများကို ချိုးဖောက်လျက်ရှိသည်ဟု AA ကထုတ်ပြန်သည်။

“စစ်ကောင်စီသည် ၎င်းတို့အား မထောက်ခံသည့် ပြည်သူများကို အကြောက်တရားဖြင့် ထိန်းကျောင်းနိုင်ရန် အကြမ်းဖက်နည်းဗျူဟာများကို ဆိုးရွားစွာ ကျင့်သုံးလျက်ရှိသည်။ စစ်ကောင်စီတပ်၏ ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား ပြောင်ပြောင်တင်းတင်း အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းများမှာ အကြမ်းဖက်စစ်တပ်အဖြစ် ၎င်းတို့၏ လုပ်ရပ်များက သက်သေခံလျက်ရှိသည် ။ ”ဟုလည်း AA က ဆိုသည်။

စစ်ကောင်စီတပ်သည် စစ်အာဏာသိမ်းပြီးနောက် အပြစ်မဲ့ ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လူနေအိမ် ရပ်ရွာမြောက်မြားစွာကို မီးရိူ့ဖျက်ဆီးခြင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထိန်းအကွပ်မဲ့စွာ နေ့စဉ်ရပ်ဆက် ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။

ယင်းအတွက် AA အနေဖြင့် စစ်ကောင်စီတပ်၏ လူမျိုးရေးအမုန်းတရားဖြင့် ကောက်ကျစ်ယုတ်မာ ရိုင်းစိုင်းစွာ ပြုမူလုပ်ဆောင်ခဲ့သည့် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀) နှင့် ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့သော သူများကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီတပ်

#ပုဏ္ဏားကျွန်းမြို့

#ရက္ခိုင့်တပ်တော်

#စစ်ရာဇဝတ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required