မြင်းမူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်သားများ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ ၅ ဦးသေ

မြင်းမူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်သားများ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ ၅ ဦးသေ

November 11

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်အား လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်သားများကို ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များက လက်ပစ်ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ငါးဦးသေဆုံး၍ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ထံက သိရသည်။

“ မြန်မာ့စီးပွားရေးဘဏ်မှာ ကင်းက နေ့ကော ညကောရှိတယ်။ ကင်းစောင့်နေတဲ့ စခ(စစ်ကောင်စီတပ်သား) ရှစ်ကောင်အိပ်ပျော် နေတယ်လို့ အတိအကျရတယ်။ အဲ့ဒီအချိန် အိပ်နေတဲ့ ရှစ် ယောက်ကြားထဲကို ဝင်ပြီးတော့လက်ပစ်ဗုံးနဲ့ ထိထိမိမိ ပစ်ခတ်ခဲ့ပါတယ်။ ငါး ယောက်ရဲ့ အလာင်းတွေကို ဆွဲထုတ် သွားတယ်လို့ သိရပါတယ်။ တစ်ကောင်က တော့ ပြင်းထန် ဒဏ်ရာ ရပါတယ်။။ နှစ်ကောင်ကတော့ သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်” ဟု Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ထိုသို့ ဗုံးပစ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများက ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ ဝင်ရဲဘော်များကို ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ထိခိုက်မှုမရှိဘဲ ဘေးကင်းလုံခြုံရာသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

မြင်းမူမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီ တပ်သားများသည် ဒေသကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှု မကြာခဏ ခံရလေ့ရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့ကလည်း ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံး ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်များသည် မြင်းမူမြို့နယ်အနောက်ဖက်ခြမ်း တစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးခြင်း ၊ ပျူစောထီး အားကောင်းရာ နေရာများတွင် အထိုင်ချတပ်စွဲခြင်းများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်များသည် မြင်းမူမြို့ပေါ်ရှိ စာသင်ကျောင်း ၊ ရဲစခန်း နှင့် မြန်မာ့စီးပွားရေးဘဏ်များတွင် အထိုင်ချတပ်စွဲထားပြီး အဆိုပါ နေရာများကို ဒေသကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခြင်း ၊ လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယနေ့ မြင်းမူမြို့နယ်မြန်မာ့စီးပွားရေးဘဏ် တိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း (၇) ၊ မြင်းခြံခရိုင်နှင့် တပ်ရင်း (၇)လက်အောက်ရှိ တပ်ခွဲ (၃) မှ True Fighter အဖွဲ့ နှစ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း

#မြင်းမူမြို့နယ်

#မြန်မာ့စီးပွားရေးဘဏ်

#လက်ပစ်ဗုံး

#စစ်ကောင်စီတပ်သား

#ငါးဦးသေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly