ဒီမိုကရေစီလမ်းကြောင်းပေါ် မြန်မာ ပြန်ရောက်ရေး စစ်ကောင်စီအပေါ် အမေရိကန် ဆက်လက် ဖိအားပေးသွားမည်

ဒီမိုကရေစီလမ်းကြောင်းပေါ် မြန်မာ ပြန်ရောက်ရေး စစ်ကောင်စီအပေါ် အမေရိကန် ဆက်လက် ဖိအားပေးသွားမည်

နိုဝင်ဘာ ၁၁

မြန်မာတွင် အာဏာသိမ်းစစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်မှုများ မရပ်မစဲမချင်း၊ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေရန် မလုပ်မချင်း၊ စစ်အုပ်စုအပေါ် အမေရိကန်က ဆက်လက် ဖိအားပေးသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ အခြေအနေ ပိုမိုဆိုးဝါးလာနေစဉ် အမေရိကန်နှင့် အခြား မိတ်ဖက်ပါတနာ နိုင်ငံများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအပေါ် ပိုမို ဖိအားပေးနိုင်မည့် လုပ်ဆောင်ချက်များကို ဆက်လုပ်သွားလိမ့်မည်ဟု ယုံကြည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက်ဝန်ကြီး ဒန်နီယယ် ခရစ်တန်ဘရင့်က ပြောသည်။

“မြန်မာမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ၊ နောက်ပြီး အာဏာသိမ်းစစ်တပ်က ကိုယ့်ပြည်သူတွေအပေါ်မှာ လူမဆန်၊ ကြောက်မက်ဖွယ် အကြမ်းဖက်မှုတွေ လုပ်နေခဲ့တာတွေက လုံးဝကို လက်မခံနိုင်စရာပါပဲ” ဟု သူက ပြောသည်။

“ဆိုတော့ မြန်မာမှာ အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အနေနဲ့ အာဆီယံ အပါအဝင် မိတ်ဖက်တွေနဲ့အတူ လုပ်ချင်ခဲ့တာကတော့ မိမိတို့အနေနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်ရောက်စေဖို့အတွက် စစ်ကောင်စီအပေါ် တိုးမြှင့် ဖိအားပေးဖို့ နည်းလမ်းအမျိုးမျိုးကနေတဆင့် ကြိုးပမ်းခဲ့တာပဲဖြစ်တယ်” ဟု ခရစ်တန်ဘရင့်က နိုဝင်ဘာ ၁၀ ရက် အရှေ့တောင်အာရှ ဒေသ၌ မီဒီယာကို သတင်းစာရှင်းလင်းစဉ် ပြောခဲ့သည်။

“မြန်မာ့အရေး ဖြေရှင်းဖို့ ဘုံသဘောတူညီချက် ငါးချက်ကို အမှန်အကန် အောင်မြင်အောင် ဖော်ဆောင်နိုင်အောင်လို့ အာဆီယံနဲ့ အခြားသူတွေရဲ့ ကြိုးပမ်းနေတာတွေကို မိမိတို့ အခိုင်အမာ ထောက်ခံတယ်” ဟုလည်း သူက ပြောသည်။

၂၀၂၁ ခုနှစ် ဧပြီလက အာဆီယံခေါင်းဆောင်များနှင့် မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့အကြား ရေးဆွဲသဘောတူခဲ့သည့် ဘုံသဘောတူညီချက် ငါးချက် ငြိမ်းချမ်းရေး အစီအစဉ်တွင် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ချက်ချင်း ရပ်စဲရေး၊ အကျပ်အတည်းကို ပြေလည်စေရန် အပြုသဘောဆောင် ဆွေးနွေးမှုများအတွင်း သက်ဆိုင်ပတ်သက်သူအားလုံး ပါဝင်ဆွေးနွေးနိုင်ရေးတို့ကို တောင်းဆိုထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က အမေရိကန်နှင့် အီးယူတို့သည် မြန်မာစစ်ကောင်စီနှင့် ယင်းနှင့် ပတ်သက်သော လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများကို ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly