ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ် ရိက္ခာတင်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ် ရိက္ခာတင်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

November 10

ပုဏ္ဏားကျွန်း(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆားအင်ကြီးကျေးရွာနှင့် ပဒေသာကျေးရွာ အနီးတွင် စစ်ကောင်စီတပ်ရိက္ခာတင်ကား မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်၏ ရိက္ခာတင်လာသည့်ကားကို ရက္ခိုင့် တပ်တော်(AA)က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးက ပြော သည်။

“ဒီကနေ့ မနက် ၈နာရီလောက်မှာပါ စစ်တပ်က ရိက္ခာတင်လာတဲ့ကားကို အေအေက မိုင်းဆွဲ တိုက်တာ လို့သိရသည်။ ကားတစ်စီးပျက်စီးသွားတယ်လို့သိရတယ်” ဟု ဒေသခံ တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀)တပ်ရင်းက မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာအနီးတဝိုက်ကို လက်နက်ကြီးများဖြင့်လှမ်းပစ်ခဲ့သည်ဟု ပုဏ္ဏားကျွန်း မြို့ခံများက ပြောသည်။

“(၅၅၀)တပ်ရင်းကလည်း လက်နက်ကြီး အချက် ၂၀ ကျော်လောက်ပစ်ခတ်ခဲ့တယ်။ အခု လေယာဉ်နဲ့ ထပ်ပစ်နေပါတယ်” ဟု ပုဏ္ဏားကျွန်းမြို့ခံက ပြောသည်။

စစ်ကောင်စီတပ်က ပဒေသာကျေးရွာအထက်တွင် ရဟတ်ယာဉ်တစ်စီးဖြင့်ပျံဝဲနေပြီး ပစ်ခတ်မှုများလည်း ရှိနေသည်ဟု သိရသည်။

ပစ်ခတ်မှုများကြောင့် ပုဏ္ဏားကျွန်းမြို့၊ စက်မှုဇုန်ကယ်ဆယ်ရေးစခန်းမှ စစ်ဘေးရှောင်ဒုက္ခသည်များမှာ မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေးနေရသည်ဟု သိရသည်။ အရပ်သားထိခိုက်မှုရှိသည်ဟု ကနဦးသတင်းများအရသိရသော်လည်း အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ရခိုင်ပြည်နယ်

#ပုဏ္ဏားကျွန်းမြို့နယ်

#စစ်ကောင်စီတပ်

#မိုင်းဆွဲခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly