ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးအရာရှိ ပစ်ခတ်ခံရမှု ABD သွေးလှူရှင် အသင်းဝင်ကို ရဲက ဖမ်းဆီးသွား

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးအရာရှိ ပစ်ခတ်ခံရမှု ABD သွေးလှူရှင် အသင်းဝင်ကို ရဲက ဖမ်းဆီးသွား

နိုတင်ဘာ ၇

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကမ်းနားရှိ RV စားသောက်ဆိုင်တွင် သေနတ် လေးချက် ပစ်ခတ်ခံရသော စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှုး ဦးသက်ဦး အမှုနှင့် ဆက်စပ်ပြီး ABD သွေးလှူရှင်အသင်းဝင်ကို ရဲက ဖမ်းဆီးသွားသည်ဟု ABD ဥက္ကဋ္ဌ ဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။

ဒေသအခြေစိုက် နှစ်ပေါင်း ၃၀ ကျော်ကြာ သက်တမ်းရှိသော ABD သွေးလှူရှင်များအသင်း၏ အသင်းဝင် ဦးသန်းလွင်ကို စစ်တွေပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်နှင့် ပြင်ပလူနာဌာနရှေ့တွင် ယမန်နေ့ည ၈ နာရီကျော်အချိန်တွင် ရဲက လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“သူက တခြားလိုအပ်နေတဲ့ သွေးတစ်လုံးအတွက် သွေးလှူဘဏ်မှာ သွေးရှိလားဆိုပြီး သွားကြည့်တဲ့အချိန် ပြင်ပလူနာဌာန (OPT) ရှေ့မှာ ရဲကဖမ်းသွားတာ” ဟု ABD ဥက္ကဋ္ဌ ဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။

လက်ရှိမှာ ABD သွေးလှူရှင်များအသင်းဝင် ဦးသန်းလွင်ကို စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးနေပြီး အာမခံဖြင့် ပြန်လွှတ်မလား၊ မည်သည့် ပုဒ်မဖြင့် အမှုဖွင့်မလဲဆိုသည့် အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ABD အသင်းက ပြောသည်။

အသက် (၆၀) အရွယ် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသက်ဦးသည် ဇနီးဖြစ်သူနှင့်အတူ RV စားသောက်ဆိုင်သို့ ရောက်ရှိနေစဉ် နိုဝင်ဘာလ ၆ ရက်နေ့ ည ၇ နာရီဝန်းကျင်က အမည်မသိ သေနတ်သမားတချို့၏ ပစ်ခတ်မှုကို ခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်ခံရမှုကြောင့် ဦးသက်ဦး၏ ဦးခေါင်းနှင့် လည်ပင်းတွင် ကျည်ထိမှန် ဒဏ်ရာနှစ်ချက် အပါအဝင် စုစုပေါင်း လေးချက် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု မှုခင်းဆေးဆရာဝန်၏ ဆေးစစ်ဆေးချက်ကို ကိုးကားပြီး သတင်းရင်းမြစ်တစ်ခုက မဇ္ဈိမကို ပြောသည်။

လက်ရှိမှာ ပစ်ခတ်ခံရသော ဦးသက်ဦးသည် စစ်တွေပြည်သူ့ဆေးရုံရှိ ကျား-ခွဲစိတ်ဆောင်တွင် စိုးရိမ်လူနာအဖြစ် အသက်လုနေရဆဲဖြစ်သည်ဟု လူမှုကူညီရေးအသင်းက ပြောသည်။

“မနေ့က ညတွင်းချင်းပဲ ခွဲစိတ်မှု လုပ်ပြီးတော့ အခုထိ အသက်ရှင်နေတုန်းပါ။ စိုးရိမ်ရတဲ့ အနေအထားနဲ့ အခုထိ အသက်ရှင်နေတုန်းပါ” ဟု သွားရောက်ကူညီ ကယ်ဆယ်မှုများ လုပ်ခဲ့သော ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူက နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

၎င်းကို မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကို လောလောဆယ်တွင် မသိရသေးပေ။

ယမန်နေ့ညက ပစ်ခတ်မှုအပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက စစ်တွေမြို့ရှိ လမ်းမတချို့တွင် တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

ယင်းအပြင် စက်တင်ဘာလ ၈ ရက်နေ့ ၊ ည ၇နာရီ ဝန်းကျင်ကလည်း စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းက အမှုလိုက်၊ နယ်ထိန်းအရာရှိ ဒုရဲအုပ်သိပ္ပံသည် စစ်တွေပြည်သူ့ဆေးရုံကြီးထောင့်က မီးပွိုင့်တွင် အနီးကပ် ပစ်သတ်ခံရပြီး သေဆုံးခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

စစ်တွေပြည်သူ့ ဆေးရုံကြီး (ဓာတ်ပုံ− နောင်နောင်)

#mizzima

#စစ်တွေပြည်သူ့ဆေးရုံကြီး

#ပစ်ခတ်မှု

#ငါးလုပ်ငန်းဦးစီးဌာန

#ရခိုင်ပြည်နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly