စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘားအံမြို့နယ်ရှိ ဖလံတောင်ဆေးရုံကို အရေးပေါ် ပိတ်ပြီး လူနာများ ထွက်ပြေးခဲ့ရ

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘားအံမြို့နယ်ရှိ ဖလံတောင်ဆေးရုံကို အရေးပေါ် ပိတ်ပြီး လူနာများ ထွက်ပြေးခဲ့ရ

နိုဝင်ဘာ ၄

အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းက ဖလံတောင် တိုက်နယ်ဆေးရုံကို အရေးပေါ် ပိတ်သိမ်းခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်။

ထို ဖလံတောင် တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ် စကခ (၈) လက်အောက်ခံ၊ ခမရ (၄၀၈) ကမမောင်း စခန်းက နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု နိုဝင်ဘာလ ၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် ဖလံတောင်တိုက်နယ်ဆေးရုံအား ၁၂၀ မမ လက်နက်ကြီးဖြင့် ငါးချက်ပစ်ခတ်တိုက်ခဲ့ပြီး ဆေးရုံအား ထိခိုက်ပျက်စီးမှု မရှိခဲ့သော်လည်း ဝန်ထမ်းများနှင့် လူနာများ ဝရုန်းသုန်းကား ထွက်ပြေးကုန်ကာ ဆေးရုံအား ယာယီပိတ်ထားခဲ့ရကြောင်း KNU က ဆိုသည်။

" ဆေးရုံကိုပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုကို လုံးဝကန့်ကွက်ရှုတ်ချတယ်၊ ဒါမလုပ်သင့်တဲ့လုပ်ရပ်ပါ” ဟု ဘားအံမြို့နယ်၊ KNLA တပ်ရင်း (၁) တပ်ရင်းမှူးက ပြောထားသည်။

ယင်းအပြင် တချို့ကျေးရွာသားများအနေဖြင့်လည်း လက်နက်ကြီးပစ်ခတ်ပြီးနောက် စစ်ကြောင်းထိုးမည်ကို စိုးရိမ်၍ ထွက်ပြေးနေကြရသည်ဟုလည်း အထက်ပါ တပ်ရင်းမှူးက ပြောသည်။

ဖလံတောင် တိုက်နယ်ဆေးရုံသည် ကုတင် ၁၆လုံးဆံ့ ဆေးရုံတစ်ခုဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စေတနာရှင် လူမှုဝန်ထမ်းများစုပေါင်းကာ ကျန်းမာရေးဝန်ဆောင်မှု ပေးနေသော ဆေးရုံဖြစ်သည်။

ထိုဆေးရုံသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ မဟာမိတ်တပ်ဖြစ်သော ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ၏ ဝင်ရောက်မွှေနှောက် ဖျက်ဆီးမှုနှင့် ဆေးဝါးများအား ယူဆောင်မှုကို ခံခဲ့ရသည်။

ယင်းအပြင် နိုဝင်ဘာလ ၁ ရက်နေ့၊ ည ၁၁ နာရီကျော် အချိန်ကလည်း ဘားအံမြို့နယ်အတွင်းရှိ BGF (၁၀၁၄) တပ်ရင်း၊ တပ်ခွဲ (၂) လက်အောက်ခံ ညောင်ကုန်း BGF စစ်ဆေးရေးဂိတ်မှ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ဝါမီပွကျေးရွာနှင့် နိုးရားကျေးရွာ အနီးသို့ ကျရောက် ပေါက်ကွဲခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဆယ်စုနှစ်နှင့်ချီ အမြစ်တွယ်နေသော လက်နက်ကိုင် တိုက်ပွဲများ တစ်ကျော့ပြန် အရှိန်မြင့်လာနေပြီး ကရင်ပြည်နယ်အတွင်း KNU တပ်ဖွဲ့နှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်အာဏာသိမ်းမှု

#လက်နက်ကြီးပစ်ခတ်မှု

#ဘားအံမြို့နယ်

#ဖလံတောင်ဆေးရုံ

#KNU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly