မြန်မာတွင် အိုးအိမ်စွန့်ခွာရသူ ကလေးဦးရေ ၅ သိန်းအထိ ရှိလာ

မြန်မာတွင် အိုးအိမ်စွန့်ခွာရသူ ကလေးဦးရေ ၅ သိန်းအထိ ရှိလာ

November 2

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများမှ လွတ်မြောက်စေရန် နေအိမ်များကို မဖြစ်မနေ စွန့်ခွာထွက်ပြေးကြရသည့် ကလေးငယ်ဦးရေသည် ယခုအခါ ငါးသိန်းကျော်အထိ ရှိလာပြီ ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း နေရပ်စွန့်ခွာရမှုများ အလျင်အမြန် အရှိန်မြင့်နေကြောင်း နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တစ်ခုဖြစ်သည့် Save the Children က နိုဝင်ဘာ ၁ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် ကလေး ၅၂၀,၀၀၀ ခန့် အပါအဝင် လူပေါင်း ၁ ဒသမ ၄ သန်းကျော်  နေရပ်စွန့်ခွာထွက်ပြေးထားရပြီး ၎င်းတို့အနက် လူပေါင်း ၁ ဒသမ ၁ သန်းသည် ၂၀၂၁ ဖေဖေါ်ဝါရီလ နိုင်ငံရေး အကျပ်အတည်း စတင်ပေါ်ပေါက်ပြီး အကြမ်းဖက်မှုများ အရှိန်မြင့်လာခဲ့ပြီးကတည်းက အိုးအိမ်စွန့်ခွာထားခဲ့ကြရသူများ ဖြစ်သည်။

အိုးအိမ်စွန့်ခွာရသည့် ကလေးများအနက် ကလေး ၄၀၇,၀၀၀ ဦးသည် ၂၀၂၁ ဖေဖေါ်ဝါရီကတည်းက နေရပ်စွန့်ခွာကြရပြီး ၎င်းတို့အနက် ၆၃ ရာခိုင်နှုန်း သို့မဟုတ် ၂၅၇,၀၀၀ ဦးသည် ပြီးခဲ့သည့် ကိုးလအတွင်း နေရပ်စွန့်ခွာခဲ့ကြရသူများဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိန်းဂဏန်းများအပြင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ဒုက္ခသည်စခန်းများတွင် ငါးနှစ်ကျော်ကြာ နေထိုင်လျက်ရှိသည့် ရိုဟင်ဂျာ ကလေးငယ် ငါးသိန်းခန့်လည်း ရှိနေသေးသည်။

မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာရသူ မိသားစု အများအပြားသည် တောထဲရှိ ယာယီတဲအိမ်များဖြင့် ဖြစ်သလို နေထိုင်နေကြရပြီး ၎င်းတို့သည် ဆာလောင်ငတ်မွတ်မှု၊ နေထိုင်မကောင်းဖြစ်မှုတို့ကိုလည်း ခံနိုင်စွမ်းမရှိဘဲ အားနည်းချက် ရှိသည့် အခြေအနေဖြစ်နေသည်။ ထို့ပြင် လူမှောင်ခိုကူးမှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု ကဲ့သို့ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ်များနှင့်လည်း ရင်ဆိုင်နေရသည်။ လိုအပ်ချက်လယ်ဗယ်က အလွန်ကြီးမားနေသော်လည်း မြန်မာအကျပ်အတည်းသည် ကမ္ဘာတစ်ဝန်းတွင် လုံလုံလောက်လောက် ငွေကြေးထောက်ပံ့မှုများ မရရှိသည့် လူသားချင်းစာနာမှု အကျပ်အတည်းများအနက် တစ်ခုဖြစ်နေသည်ဟု Save the Children က သတိပေးသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ ကလေးငယ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ယခုထက် ပိုမိုလုပ်ဆောင်ကြရန် ယင်းအဖွဲ့က တိုက်တွန်းခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly