KNU/KNLA- PC တပ်ရင်းမှူးနေအိမ် စီးနင်းခံရမှုအပေါ် PPST ပြင်းပြင်းထန်ထန် ရှုတ်ချ

KNU/KNLA- PC တပ်ရင်းမှူးနေအိမ် စီးနင်းခံရမှုအပေါ် PPST ပြင်းပြင်းထန်ထန် ရှုတ်ချ

November 1

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တပ်ရင်းမှူး စောဝင်းကျော်၏နေအိမ်အား စီးနင်း တိုက်ခိုက်မှုသည် အမြော်အမြင်နည်းသည့် လုပ်ရပ်ဖြစ်ပြီး ပြင်းပြင်းထန်ထန် ကွန့်ကွက်ရှုတ်ချကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က အောက်တိုဘာလ ၃၁ ရက်နေ့ ရက်စွဲဖြင့် PPST က အသိပေးထုတ်ပြန်လိုက်သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ KNU တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ၊ မိဖာလေးရွာရှိ KNU/KNLA- PC အမှတ် (၇၇၇)တပ်ရင်းမှူး စောဝင်းကျော်၏နေအိမ်သည် အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းက စီးနင်းပစ်ခတ်ပြီး မီးရှို့ခံလိုက်ရခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရမှုအတွင်း နေအိမ်မီးရှို့ခံရသကဲ့သို့ စောဝင်းကျော်၏ဇနီးဖြစ်သူ နော်ဖောဝါးနှင့်တပ်ဖွဲ့ဝင် အချို့ သေနတ်ထိမှန်သေဆုံးသွားသည်ဟု ဒေသအခြေစိုက် ကရင်သတင်းစဉ် (KIC) က ရေးသားထား သည်။

ကော့ကရိတ်မြို့နယ်အတွင်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ များပြင်းထန်နေချိန် အဆိုပါပစ်ခတ်စီးနင်းမှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကိုမူ မသိရသေးပေ။

KNU/KNLA- PC သည် အရပ်သားများကို အကာအကွယ်ပေးခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုများအပြင် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက်လည်း ကြိုးပမ်းနေ သည့် အဖွဲ့အစည်းဖြစ်ကြောင်းလည်း PPST က ဆိုသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲမှုစာချုပ် (NCA)တွင် ပါဝင်လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် KNU/KNLA- PC သည် အာဏာသိမ်းစစ်ကောင်စီနှင့် နေပြည်တော်တွင် တွေ့ဆုံကာငြိမ်းချမ်းရေး ဆွေးနွေးနေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုလည်း ဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

ဓာတ်ပုံ- KIC

#ကရင်ပြည်နယ်

#KNU/KNLA-PC

#ကော့ကရိတ်မြို့

#PPST

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required