October 31
ကော်သူးလေ(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ကျောမြို့နယ် ပုံတောင်ပုံညာဒေသဘက်အတွင်းရှိ စစ်ရှောင်များ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားဝတ်နေရေးအခက်တွေ့နေရကြောင်းသိရသည်။
ကျောမြို့နယ် ကန့်သတ်ရွာအား စစ်ကောင်စီတပ်က စက်တင်ဘာလအတွင်း ဝင်ရောက်မွှေနှောက်မှုကြောင့် အိမ်ခြေ ၂၈၀ ကျော်မှ ဒေသခံပြည်သူများ စစ်ရှောင်အဖြစ် ပြေးလွှားကြရခြင်းဖြစ်သည်။
“စစ်ကောင်စီဝင်မွှေတော့ ပုလဲနယ်ဘက်ကိုပြေးတယ်၊ ပြီးတော့ ကျောဒေသထဲပြန်ဝင်လာတဲ့သူတွေပါ၊ ပုံတောင်ပုံညာဒေသဆိုတော့ အေးလည်းအေးလာပြီ၊ အသက်ကြီးသူတွေလည်းများတော့ လိုအပ်ချက်တွေများပါတယ်” ဟု စစ်ရှောင်များအခြေအနေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
လက်ရှိထိုနေရာတွင် စစ်ရှောင်အရေအတွက်သည် ၅၀ ဦးကျော်ရှိကာ အဖိုးအဘွားအရွယ်များကြောင်းသိရသည်။ ထိုစစ်ဘေးရှောင်များအတွက် တစ်နေ့တာ ကုန်ကျစရိတ်မှာ တစ်သိန်းဝန်းကျင်ရှိကြောင်း စစ်ရှောင်ကူညီပေးသူ ဒေသခံကပြောပြာသည်။
“ထမင်းသုံးနပ်အတွက်တော့ တစ်နေ့တစ်နေ့ကို တစ်သိန်းလောက်ကုန်ကျစရိတ်ရှိတယ် ရွာနီးဝန်းကျင်တွေက အသီးအရွက်တွေ ကူညီတဲ့အခါမှာတော့ ဒီထက်ပိုသက်သာတာပေါ့” ဟု၎င်းကဆိုသည်။
ထို့ကြောင့် လိုအပ်နေသည့် ဆေးဝါးများ အဝတ်အထည်များနှင့် စားသောက်စရာများကို အကူအညီပေးကြဖို့ စစ်ရှောင်ကူညီသူက တောင်းဆိုသည်။
ကျောဒေသ လက်ရှိအခြေအနေတွင် စစ်ရေးအရထိတွေ့မှု မရှိသေးသော်လည်း စစ်ကောင်စီတပ်သည် ပုံညာတောင်တွင် စခန်းချထားကြောင်းသိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)