ဒါရိုက်တာမိုက်တီး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်

ဒါရိုက်တာမိုက်တီး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်

October 29

မဇ္ဈိမ။ ။ဒါရိုက်တာမိုက်တီးသည် ယမန်နေ့ အောက်တိုဘာ ၂၈ရက် ညနေပိုင်းတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

"ပြန်လွတ်လာပါပြီ။ သူက ကင်ဆာရောဂါ ခံစားနေရတဲ့သူဆိုတော့ အခုလို ပြန်လွတ်လာ တော့ ဝမ်းသာတယ်လို့ပဲ ပြောရမှာပေါ" ဟု ဒါရိုက်တာမိုက်တီး၏ မိသားစုဝင်နှင့် နီးစပ်သူက ပြောသည်။

စစ်ကောင်စီသည် ဒါရိုက်တာမိုက်တီးကို ပုဒ်မ ၅၀၅(က) ဖြင့် စွပ်စွဲထားပြီး တရားခံပြသက်သေများကို စစ်ဆေးနေသောအဆင့်သို့ ရောက်ရှိနေချိန်တွင် ပြန်လည် လွတ်မြောက်လာ ခြင်းဖြစ်သည်ဟုသိရသည်။

စစ်တပ်အာဏာသိမ်းပြီနောက်ပိုင်း ဒါရိုက်တာမိုက်တီးသည် ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ရေးသားတင်ခဲ့သော အကြောင်းအရာတစ်ခုအတွက် တာမွေမြို့နယ်ရဲစခန်းက ၂၀၂၁ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဒါရိုက်တာမိုက်တီးကို ၂၀၁၈ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ၁၆(ဂ)ဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီးနောက် အူမကြီးကင်ဆာဝေဒနာ ခံစားနေရသည့် အတွက် အာမခံဖြင့်ပြန်လည်လွှတ်ပေးထားစဉ် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ဒါရိုက်တာမိုက်တီးအား မည်သည့်အတွက်ကြောင့် ပြန်လည် လွှတ်ပေးသည်ကို မသိရှိရသေးသော်လည်း ပြန်လည်လွတ်မြောက် လာသူများတွင် ဒါရိုက်တာ မိုက်တီးအပါအဝင် အဆိုတော် ပိုပို၊ ဘလောဂါ ဝင်းမင်းသန်းတို့လည်း ပါဝင်လာသည်ကို တွေ့ရသည်။

စာတည်း။ ။ မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ဒါရိုက်တာမိုက်တီး

#အကျဉ်းထောင်

#ပြန်လည်လွတ်မြောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly