ဖားကန့်အဖြစ်အပျက်သည် စစ်ဖက်ဆစ်ဝါဒကို ပူးပေါင်းသုတ်သင်ရန် တိုက်ပွဲခေါ်သံဟု AA စစ်ဦးစီးချုပ် သတိပေး

ဖားကန့်အဖြစ်အပျက်သည် စစ်ဖက်ဆစ်ဝါဒကို ပူးပေါင်းသုတ်သင်ရန် တိုက်ပွဲခေါ်သံဟု AA စစ်ဦးစီးချုပ် သတိပေး

October 26

မဇ္ဈိမ။ ။ အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော ဖားကန့်အဖြစ်အပျက်သည် မြန်မာစစ်တပ်၏ဖက်ဆစ်ဝါဒကို ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းသုတ်သင်ရန်တိုက်ပွဲခေါ်သံဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ပြောသည်။

ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ၎င်း၏ Twitter စာမျက်နှာမှတစ်ဆင့် ရေးသားပြောဆိုထားခြင်း ဖြစ်သည်။

“ နောက်ထပ် သူရဲကောင်း ဘယ်နှစ်ယောက် ထပ် စတေးဖို့လိုသေးလဲ။ မနေ့ညက ဖားကန့်မှာဖြစ်ပျက်ခဲ့ တာဟာ စစ်ဖက်ဆစ်ဝါဒကို ဖယ်ရှားဖို့အတွက် ညီညီညွတ်ညွတ်အတူလုပ်ဆောင်ဖို့လိုကြောင်း တိုက်ပွဲ ခေါ်သံ တစ်ခုပါပဲ” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

ယင်းအပြင် ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ဆက်စပ်ပြီး နောက်ထပ် အပြစ်မဲ့အရပ်သားများ မည်မျှတောင် ဝမ်းနည်းပူဆွေး ထပ်သေဆုံးနေရအုံးမလဲဟုလည်း ၎င်းက မေးခွန်းထုတ်ထားသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာတွင်ကျင်းပနေသော KIO ၏ (၆၂) နှစ်မြောက် နှစ်ပတ် လည်အခမ်းကို အောက်တိုဘာလ ၂၄ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ်သုံးစီးဖြင့် ရုတ်တရက်လာရောက်တိုက်ခိုက်မှုကြောင့် အရပ်သား ၆၀ ထက်မနည်း သေဆုံးခဲ့ သည်။

ထိုတိုက်ခိုက်မှုအတွင်း နောက်ထပ် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၁၀၀ ထက်မနည်း ရှိခဲ့ကြောင်းလည်း ဒေသခံ သတင်းရင်းမြစ်များက ပြောဆိုထားသည်။

ယင်းသို့ အရပ်သားများရှိနေသော ပစ်မှတ်ကို ရုတ်တရက် လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးမှုဖြစ်ရပ်သည်” လူမဆန်သည့် လုပ်ရပ်” ဖြစ်သကဲ့သို့ စစ်ရာဇဝတ်မှုမြောက်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမနှင့် သီးသန့်အင်တာဗျူးတွင် ပြောထားသည်။

“ဝမ်းနည်းကြေကွဲမှုအစား လွတ်လပ်ရေးမရသ၍ တော်လှန်ရေးလမ်းကြောင်းတွေကို ပိုပြီးတော့ အရှိန် အဟုန်မြှင့် တိုက်ခိုက်သွားဖို့ အားပေးလိုပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီအပေါ် လုပ်သင့်လုပ်ထိုက်သည်များ ပြတ် ပြတ်သားသားလုပ်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ကလည်း အောက်တိုဘာလ ၂၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်တိုက်တွန်းထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ဖားကန့်အဖြစ်အပျက်

#စစ်ဖက်ဆစ်ဝါဒ

#ရက္ခိုင့်တပ်တော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly