မိုင်းပျဉ်းမြို့ မြို့မစျေး၌ စျေးလာဝယ်သည့် အမျိုးသမီး မြေမြှုပ်မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

မိုင်းပျဉ်းမြို့ မြို့မစျေး၌ စျေးလာဝယ်သည့် အမျိုးသမီး မြေမြှုပ်မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

အောက်တိုဘာ ၂၀

ရှမ်း(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်အရှေ့ပိုင်း ၊မိုင်းပျဉ်းမြို့နယ်၊ မြို့မစျေးအတွင်းတွင် ယမန်နေ့ အောက်တိုဘာလ ၁၉ ရက် မနက်ပိုင်းက အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားသောစျေးမှာ မိုင်းပျဉ်း မြို့လယ်ခေါင်တွင်ရှိပြီး စျေးလာဝယ်သည့် အသက် ၃၁ နှစ်အရွယ် အမျိုးသမီးသည် စျေးအနီးတွင် ထောင်ထားသော မြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"ထူးတော့ ထူးဆန်းတယ်လေ၊ စျေးလယ်ခေါင်ကြီးမှာ မြေမြှုပ်မိုင်းက ဘယ်လိုရောက်လာတာလဲပေါ့၊ ခါတိုင်း အဲ့နားသွားလာနေကျပါ။ ဒီနေ့ နင်းမိတာက စျေးလာဝယ်တဲ့သူ၊ မေသူဝင်းတဲ့၊ မိုင်းပြင်းက တိုက်ပွဲလည်းမရှိတာ ကြာပါပြီ" ဟု ပြောသည်။

မိုင်းနင်းမိသော မမေသူဝင်းမှာ ခြေထောက်တွင် ပြင်းထန်စွာဒဏ်ရာရရှိသွားပြီး အခြားပြည်သူ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

မိုင်းပျဉ်းမြို့တွင် အဆိုပါပေါက်ကွဲမှုဖြစ်ပွားရာ စျေးအနီးရှိ ခမရ (၃၆၀)တပ်အပါအဝင် စစ်ကောင်စီတပ် လေးခုအထိရှိနေပြီး သျှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) လည်း လှုပ်ရှားသွားလာသည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ရှမ်းပြည်တောင်ပိုင်း

#မိုင်းပြင်းမြို့နယ်

#မြို့မဈေး

#မြေမြှုပ်မိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly