မောင်တောမြို့နယ် လိပ်ရ စခန်းသိမ်းတိုက်ပွဲ၌ AA တပ်ဖွဲ့ဝင် ကျဆုံး

မောင်တောမြို့နယ် လိပ်ရ စခန်းသိမ်းတိုက်ပွဲ၌ AA တပ်ဖွဲ့ဝင် ကျဆုံး
ဓာတ်ပုံ- လိပ်ရစခန်းကို သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်း သုံးဦးကို တွေ့ရစဉ် (AA)

အောက်တိုဘာ ၁၁

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် လိပ်ရ စခန်းသိမ်းတိုက်ပွဲတွင် ရက္ခိုင့်တပ်တော် (AA) ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သည်ဟု AA က အောက်တိုဘာလ ၁၀ ရက်နေ့ညပိုင်းက ထုတ်ပြန်သည်။

နယ်ခြားစောင့် ရဲများအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များပါ ပူးတွဲနေထိုင်ကြသော ထိုလိပ်ရစခန်းကို ရက္ခိုင့်တပ်တော် (AA) က အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက် ၄ နာရီခန့်တွင် ဝင်ရောက် တိုက်ခိုက်ပြီးနောက် စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ကြိမ်ချောင်းရှိ အမှတ် (၇) နယ်ခြားစောင့်စခန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း တစ်နာရီကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် စခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ပြောသည်။

ရက္ခိုင့်တော် (AA) တပ်ဖွဲ့တစ်ဦး ကျဆုံးခဲ့သော ထိုလိပ်ရ စခန်းသိမ်း တိုက်ပွဲသည် အချိန်တိုအတွင်း အထိအခိုက်အနည်းဆုံးဖြင့် သိမ်းဆည်းရမိခဲ့သော စခန်းသိမ်း တိုက်ပွဲဖြစ်ကြောင်း AA က ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လိပ်ရစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ တချို့ သေဆုံးပြီး သုံးဦးကို အရှင်ဖမ်းမိခဲ့ သကဲ့သို့ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)က ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ယခုနှစ်ဆန်းပိုင်းက စတင်ကာ တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားနေပြီး မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းတချို့ကို AA က သိမ်းပိုက်ထားသည်။

ထိုသို့ တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်နေချိန် ရှေ့တန်းစစ်မျက်နှာပြင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တပ်ကိုစွန့်ခွာလိုပါက ဆက်သွယ် အလင်းဝင်ရောက်နိုင်ကြောင်းလည်း ရက္ခိုင့်တပ်တော် (AA) က မကြာသေးမီက ပြောကြားထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ရက္ခိုင့်တပ်တော်

#တစ်ကျော့ပြန်တိုက်ပွဲများ

#ရှေ့တန်းစစ်မျက်နှာ

#မောင်တောမြို့နယ်

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly