October 6
စင်္ကာပူအခြေစိုက် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သည့် Puma Energy သည် မြန်မာနိုင်ငံရှိ ယင်း၏ စီးပွားရေးလုပ်ငန်းကို ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုထံ ရောင်းချရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း Puma က အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သည်။
“ပူးမားစွမ်းအင်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ Puma Energy Asia Sun (PEAS) ရဲ့ ရှယ်ယာတွေနဲ့ National Energy Puma Aviation Services (NEPAS) ရဲ့ ရှယ်ယာတွေကို ပြည်တွင်းပိုင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဆီ ရောင်းချဖို့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးလိုက်ပါပြီ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဆွစ်ဇာလန် Trafigura ကုမ္ပဏီကြီး၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သော Puma စွမ်းအင်ကုမ္ပဏီ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေခဲ့သည့် လုပ်ငန်းများထဲတွင် သီလဝါဆိပ်ကမ်းရှိ နိုင်ငံ၏ အကြီးဆုံး လောင်စာဆီ တင်သွင်းမှုဂိတ်နှင့် လေယာဉ်ဆီ ပေးသွင်းရောင်းချမှု လုပ်ငန်းတို့ ပါဝင်သည်။
Puma သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ ယင်း၏ လုပ်ငန်းလည်ပတ်မှုများကို ကနဦး ရပ်ဆိုင်းခဲ့သော်လည်း နောက်ပိုင်းတွင် အရပ်ဖက် ရည်ရွယ်ချက်များအတွက် ဖြန့်ဖြူးမှုကို ပြန်စထားခဲ့ခြင်း ဖြစ်သည်။
(ကိုလူအေး ဘာသာပြန်သည်)