ယခုနှစ် အာဆီယံ အစည်းအဝေးများသို့ မင်းအောင်လှိုင်ကို ကမ္ဘောဒီးယား မဖိတ်ကြား 

ယခုနှစ် အာဆီယံ အစည်းအဝေးများသို့ မင်းအောင်လှိုင်ကို ကမ္ဘောဒီးယား မဖိတ်ကြား 

October 4

ဖနွမ်းပင်တွင် လာမည့်လ၌ ကျင်းပရန်ရှိသော အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာ စစ်ကောင်စီ၏ ဥက္ကဋ္ဌ မင်းအောင်လှိုင်ကို ကမ္ဘောဒီးယားက ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။ 

ကမ္ဘောဒီးယား အစိုးရအနေဖြင့် ယင်းအစား မြန်မာနိုင်ငံမှ နိုင်ငံရေးကို ကိုယ်စားမပြုသူတစ်ဦးဦးအား တက်ရောက်ရန် ဖိတ်ကြားသွားမည် ဖြစ်သည်။ 

အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်ရာ၌ မြန်မာသည် စစ်မှန်သော တိုးတက်မှု ကင်းမဲ့နေသည်ကို ပြသခြင်းနှင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို သေဒဏ်ပေးစီရင်ခဲ့ခြင်းကဲ့သို့ ပြောင်ပြောင်တင်းတင်း မထီမဲ့မြင် ပြုခြင်းများကြောင့် ယခုကဲ့သို့ မဖိတ်ကြားခြင်းပဲ ဖြစ်သည်။ 

ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်ကို ဖယ်ချန်ထားမည်ဆိုခြင်းအား နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ပြောခွင့်ရသူ ချမ် ဆန်ရီက အတည်ပြုဆိုသည်။ 

“ကျွန်တော်တို့ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးကို ဖိတ်ကြားစာတွေ ပို့ထားပေမယ့် မြန်မာတော့ မပါပါဘူး၊ မြန်မာအနေနဲ့ နိုင်ငံရေးကိုယ်စားမပြုသူကိုပဲ စေလွှတ်ဖို့ ကျွန်တော်တို့ အကြံပြုထားပါတယ်”ဟု ၎င်းက The Phnom Peng Post သို့ ပြောသည်။ 

အာဆီယံ ဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက မြန်မာစစ်တပ် ခေါင်းဆောင်များအား ထောက်ခံခြင်းမျိုး မဖြစ်လိုဟန်ရှိကြောင်း Asian Vision Institute မှ မဟာဗျူဟာသုတေသနဆိုင်ရာ မဲခေါင်စင်တာမှ သုတေသီ သွန် မန်ဒါဗစ်က ပြောသည်။ အာဆီယံ၏ အချက်အခြာ မူဘောင်များနှင့်အတူ မြန်မာပြည်တွင်းနိုင်ငံရေးကို ကြားဝင်မစွက်ဖက်ရေး၌ ရပ်တည်ခြင်းပဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ နှေးကွေးပေမယ့်လည်း ကမ္ဘောဒီးယားနဲ့ အခြား အာဆီယံအဖွဲ့ဝင်တွေဟာ COVID-19 ကာကွယ်ဆေး၊ စားနပ်ရိက္ခာနဲ့ ဆေးဝါး စတဲ့ လူသားချင်းစာနာထောက်ထားရေး ကူညီပေးနိုင်ရေးကို ရှေ့ရှုထားကြတယ်၊ မြန်မာပြည်သူတွေကို ကာကွယ်ပေးနိုင်ရေးနဲ့ ဘေးကင်းလုံခြုံစေရေးကို ပိုပြီး ကြိုးပမ်းနေတယ်”ဟု ၎င်းက ပြောသည်။ 

ဖေဖော်ဝါရီလအတွင်းက အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်ပြု ကျင်းပချိန်ကလည်း ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည် ဖော်မှု ကင်းမဲ့ခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဖိတ်ကြားခြင်း မရှိခဲ့ပေ။ 

ယင်းအချိန်က ကမ္ဘောဒီးယားသည် နိုင်ငံရေးကိုယ်စားမပြုသူကိုသာ စေလွှတ်ရန် မြန်မာနိုင်ငံအား ပြောဆိုခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly