မင်္ဂလာဒုံမြို့နယ် စစ်ကောင်စီလေတပ်ဂိတ်နှင့် အမှတ် (၉၈၁) စစ်ကောင်စီဂိတ်အား မြို့ပြပြောက်ကျားများ ဖောက်ခွဲတိုက်ခိုက်

မင်္ဂလာဒုံမြို့နယ် စစ်ကောင်စီလေတပ်ဂိတ်နှင့် အမှတ် (၉၈၁) စစ်ကောင်စီဂိတ်အား မြို့ပြပြောက်ကျားများ ဖောက်ခွဲတိုက်ခိုက်

စက်တင်ဘာ ၂၉

ရန်ကုန်(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီလေတပ်ဂိတ်နှင့် အမှတ် (၉၈၁) စစ်ကောင်စီဂိတ်အား ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ညပိုင်းက မြို့ပြပြောက်ကျားများက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းကြောင်း ထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်ထားသည်။

War of Hunter Revolution Force (WOH) အဖွဲ့မှ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမ၊ ကုလားကျောင်းမှတ်တိုင်အနီးရှိ စစ်ကောင်စီလေတပ်ဂိတ်အား ည ၉ နာရီ ၅ မိနစ်ခန့်က အဝေးထိန်းဗုံးဖြင့်ဖောက်ခွဲခဲ့ကြောင်း ၊ Last Battle အဖွဲ့အနေဖြင့်လည်း ယမန်နေ့ည ၉ နာရီ ၁၃ မိနစ်အချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ၊ အမှတ် (၃) လမ်းမရှိ အမှတ် (၉၈၁) စစ်ခွေးဂိတ်(စစ်ကောင်စီဂိတ်)အား အဝေးထိန်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ဖောက်ခွဲမှုနဲ့ပတ်သက်ပြီး သတင်းလာရောက်ပေးတဲ့သူလည်းမရှိတဲ့အတွက် နောက်ဆက်ပြီးဘာဖြစ်သွားလည်းတော့မသိရပါဘူး။ ထိခိုက်မှုတော့ရှိတာသိထားပါတယ်။ ဖောက်ခွဲပြီး သိပ်မကြာခင်မှာ စစ်ကားတွေ Ambulance ကားသွားတာလည်းတွေ့ပါတယ်။ ဂိတ်ပေါက်ဝမှာထားခဲ့တာဗျ။ ပြီးတော့ ခွေးတွေ‌ရော ကား‌အဝင်အထွက်လည်းများတယ်။” ဟု Last Battle အဖွဲ့ တာဝန်ရှိသူကပြောသည်။

ယမန်နေ့ညက ပေါက်ကွဲမှုများကြောင့် မင်္ဂလာဒုံနှင့် ထိစပ်မြို့နယ်တို့တွင် ပေါက်ကွဲသံများကို ဒေသခံများက ကျယ်လောင်စွာ ကြားခဲ့ရပြီး ၎င်းဖောက်ခွဲမှုများကို ပြုလုပ်ခဲ့သော မြို့ပြပြောက်ကျားများအနေဖြင့် တိုက်ခိုက်ရာတွင် ထိခိုက်မှု ရှိ၊ မရှိ အသေးစိတ်ကို မသိရှိရသေးသော်လည်း အဖွဲ့ဝင်များမှာ ထိခိုက်မှုမရှိဘဲ ဘေးကင်းရာနေရာသို့ ဆုတ်ခွာလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း

#မင်္ဂလာဒုံမြို့နယ်

#မြို့ပြပြောက်ကျား

#ဖောက်ခွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly