နေရပ်ပြန်မည့် မြန်မာသင်္ဘောသား မလေးရှားနိုင်ငံ၌ အနားယူစဉ် နှလုံးရပ်သေဆုံး

By မေဘယ်လ်သူ
28 September 2022
နေရပ်ပြန်မည့် မြန်မာသင်္ဘောသား မလေးရှားနိုင်ငံ၌ အနားယူစဉ် နှလုံးရပ်သေဆုံး

September 28

(မဇ္ဈိမ)။ ။ နေရပ်သို့ပြန်မည့် မြန်မာသင်္ဘောသားတစ်ဦး မလေးရှားနိုင်ငံရှိ ဟိုတယ်တွင် အနားယူနေစဉ် နှလုံးရပ် သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါသင်္ဘောသားမှာ လုပ်ငန်းတာဝန် ပြီးဆုံး၍ နောက်ရက်တွင်ပြန်ရန် မလေးရှားနိုင်ငံ ဂျိုဟိုးဘာတူးမြို့ရှိ ဟိုတယ်တစ်ခု၌ နားနေစဥ် စက်တင်ဘာလ ၂၆ ရက်တွင် နှလုံးရပ်ကာ ရုတ်တရက်သေဆုံးသွားခြင်းဖြစ်ကြောင်း နှလုံးလှ ပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့( ကွာလာလမ်ပူ- မလေးရှား) ထံမှ သိရသည်။

သေဆုံးသူမှာ အသက် (၃၅) နှစ်အရွယ်ရှိ ဦးနေမျိုးလတ် ဆိုသူဖြစ်ပြီး မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာတူးမြို့တွင် သင်္ဘောသားလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး၊ တာဝန်များပြီးဆုံးသဖြင့် မကြာမီတွင် ရန်ကုန်မြို့သို့ ပြန်ရန် ဟိုတယ်၌ အနားယူနေစဉ် နှလုံးရပ်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည်။

"ကွယ်လွန်သူမှာ အမျိုးသမီးနဲ့ကလေးတစ်ဦးကျန်ခဲ့တယ်။ ဒီလိုဖြစ်ရပ်မျိုးနဲ့ကြုံရတာဟာ ကျန်ခဲ့တဲ့မိသားစုဝင်တွေရော၊ ကွယ်လွန်သူအတွက်လည်း မိသားစု၊ နေရပ်ဒေသကိုစွန့်ခွာပြီး အသက်အန္တရာယ်ကြားထဲမှာ နှစ်ချီပြီးအလုပ်လုပ်ပြီးမှ မိသားစုဆီ မျှော်လင့်ချက်အပြည့်နဲ့ပြန်လာရာမှာ ဒါမျိုးဖြစ်စဉ်ကြုံရတာဟာ ဘာနဲ့မှဖော်ပြလို့မရတဲ့ဝမ်းနည်းမှုပဲ" ဟု Myanmar Seaman Union မှ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ကွယ်လွန်သူ ဦးနေမျိုးလတ်သည် ရန်ကုန်မြို့၊ သာကေတမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး၊ မိသားစုဝင်များ၏ဆန္ဒအရ စက်တင်ဘာလ ၂၆ရက်တွင် သံဃာတော်များပင့်ဖိတ်၍ သရဏဂုံတင်ပေးခဲ့‌ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)က ထုတ်ပြန်ထားသည်။

ထို့အပြင် ကွယ်လွန်သူ ဦးနေမျိုးလတ်​၏ ရုပ်အလောင်းအား စက်တင်ဘာ ၂၇ရက် က မြန်မာနိုင်ငံရှိ ၎င်း​၏မိသားစုဝင်များထံ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မလေးရှားနိုင်ငံ

#သာကေတမြို့နယ်

#သင်္ဘောသား

#နှလုံးလှပရဟိတလူငယ်များ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly