ဘန့်ဘွေးရွာတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့၏ စနိုက်ဘာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေ

ဘန့်ဘွေးရွာတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့၏ စနိုက်ဘာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေ

September 27

ကော်သူးလေ(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးပူးပေါင်း အဖွဲ့အား ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦး သေဆုံးကြောင်းသိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က စစ်ကောင်စီတပ်သားနှင့်ပျူစောထီးအင်အား ၈၀ ခန့်ရှိနေသည့် ဘန့်ဘွေးရွာအား ရွာ အပြင်မီတာ ၃၀၀ အကွာခန့်မှ နေရာယူကာတိုက်ခိုက်ကြခြင်းဖြစ်သည်။

“သူတို့ကရွာရဲ့ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းမှာတပ်စွဲထားတာ။ ဒါကိုကျွန်တော်တို့ ကစစ်ကြောင်းကသုံးခုနဲ့ အနောက်ဘက်ကတစ်ခု ၊ မြောက်ဘက်ကတစ်ခု ၊ ရွာရဲ့တောင်ဘက်ကတစ်ခု သုံးခုခွဲပြီးဝင်တိုက်တာ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ကြတာ” ဟု ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း GTF တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ စနိုက်ပါသမားများ ပစ်ခတ်သည့် အတွက် စစ်ကောင်စီတပ်သား စက်လက်နက်ပစ်နှစ်ဦးသေဆုံးသည်ကိုသိရကြောင်း GTF တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

ထို့အပြင် ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့ကို မောင်းပြန်များ ၊ လက်လုပ်များသေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး လက်လုပ်လက်နက်ကြီး အချက်ပေါင်း ၁၅၀ ခန့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ တိုက်ပွဲအစပိုင်းတွင် ဘန့်ဘွေးရွာအတွင်းရှိ စစ်ကောင်စီတပ်များဘက်မှ အနည်းငယ်သာပြန်လည်ပစ်ခတ်နိုင်ပြီး တစ်နာရီနီးပါး ကြာတိုက်ပွဲအပြီး ကာကွယ်ရေးတပ်ဖွဲ့များဆုတ်ခွာချိန်တွင်မှ အပြင်းအထန်ပစ်ခတ် ခဲ့သည်ဟု သိရသည်။

ယမန်နေ့ တိုက်ပွဲတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်ကျဆုံးမှုမရှိကြောင်း ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်းGTFတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းမာပင်၊ ကနီနှင့် မုံရွာနယ်စပ်တွင် ရှိနေသည့် ပျူအမာခံများနှင့် စစ်ကောင်စီတပ် အထိုင်ချရာ ဘန့်ဘွေးရွာသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို မကြာခဏ ခံရသည့်နေရာဖြစ်သည်။

ထိုသို့ တိုက်ခိုက်ရာတွင် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာနမခ)မှ လေကြောင်းပစ်ကူများ မိနစ်ပိုင်းအတွင်းရောက်လာနိုင်သောကြောင့် ဘန့်ဘွေးရွာအား အပိုင်စီးနင်းသိမ်းပိုက်ရန် မလွယ်ကူကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာကို ယမန်နှစ် နှစ်လယ်ခန့်မှ စတင်ဝင်ရောက် မွှေနှောက်ခဲ့ပြီး ပျူစောထီးအမာခံများနှင့်ပူးပေါင်းကာ စခန်းအခိုင်အမာ ချထားခြင်း ဖြစ်သည်။

အိမ်ခြေ ၅၀၀ ကျော်ရှိသည့် ဘန့်ဘွေးရွာတွင် ဒေသခံများ နေထိုင်ခြင်းမရှိတော့ဘဲ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေထိုင်နေရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း

#ဘန့်ဘွေးရွာ

#တိုက်ပွဲ

#စစ်ကောင်စီတပ်

#၂ဦးသေ

#စနိုက်ပါ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly