ရိုဟင်ဂျာ မွတ်စလင်များအတွက် စာနာမှုအကူအညီ ဒေါ်လာသန်း ၁၇၀ ပေးအပ်မည်ဟု အမေရိကန် ကြေညာ

ရိုဟင်ဂျာ မွတ်စလင်များအတွက် စာနာမှုအကူအညီ ဒေါ်လာသန်း ၁၇၀ ပေးအပ်မည်ဟု အမေရိကန် ကြေညာ

September 23

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေထိုင်နေကြသည့် ရိုဟင်ဂျာများ အပါအဝင် မြန်မာနိုင်ငံ၏ ရိုဟင်ဂျာ မွတ်စလင်များအတွက် နောက်ထပ် လူသားချင်းစာနာမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော် ထောက်ပံ့ပေးအပ်မည်ဟု အမေရိကန်အစိုးရက စက်တင်ဘာ ၂၂ ရက်တွင် ကြေညာကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောသည်။

“ဒီ အကူအညီအသစ်နဲ့ဆိုရင် ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားကို ထွက်ပြေးခိုလှုံခဲ့ကြရတဲ့ ၂၀၁၇ ဩဂုတ်လနောက်ပိုင်း ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းအပေါ် ကျွန်တော်တို့ရဲ့ စုစုပေါင်း တုံ့ပြန်ကူညီမှုပမာဏက ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံနီးပါးအထိ ရှိသွားပါပြီ” ဟု မစ္စတာ ဘလင်ကန်က ထုတ်ပြန်ချက်တွင် ပြောသည်။

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များကို ကူညီရန် ငွေကြေးထောက်ပံ့မှုက “လိုအပ်ချက်များကို ပြည့်မီနိုင်ခြင်း မရှိသေး” ဟု ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ပြောကြားပြီးနောက် တစ်လခန့်အကြာတွင် ယခု အမေရိကန်၏ အကူအညီသစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရိုဟင်ဂျာ တစ်သန်းကျော်သည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် အခြေချနေရာအဖြစ် ရှိနေသည့် ကမ့်စခန်းများတွင် နေထိုင်နေကြလျက် ရှိပြီး အများအားဖြင့် ၎င်းတို့အတွက် နိုင်ငံသားဖြစ်ခွင့်နှင့် အခြား အခွင့်အရေးများ ငြင်းဆန်ခံရမှုများရှိနေသည့် မြန်မာနိုင်ငံသို့ ပြန်သွားနိုင်မည့် အလားအလာ အနည်းငယ်သာ ရှိနေသည်။

ယခု အမေရိကန်၏ လူသားချင်းစာနာမှု အကူအညီသစ်တွင် ဒေါ်လာ ၉၃ သန်းကျော်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ကူညီပေးအပ်မည် ဖြစ်ပြီး ဒေါ်လာ ၇၇ သန်းကျော်ကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီမှတစ်ဆင့် ကူညီသွားမည် ဖြစ်ကြောင်း မစ္စတာ ဘလင်ကန်က ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly