September 22
မဇ္ဈိမ ။ ။ Kpay အကောင့်များ အသုံးပြုခွင့် မှားယွင်းစွာ ပိတ်ခံရပါက ဗဟိုဘဏ်သို့ တိုက်ရိုက်တင်ပြနိုင်သည်ဟု KBZpay က သတင်းထုတ်ပြန်သည်။
လက်ရှိအချိန်တွင် ငွေရေးကြေးရေးကဏ္ဍ ကြီးကြပ်ရေးအဖွဲ့အစည်း၏ ညွှန်ကြားချက်အရ Kpay အကောင့်အချို့အား ယာယီ အသုံးပြုခွင့် တားမြစ်ထားမှုအပေါ် အဆင်မပြေမှုများနှင့် စိုးရိမ်မှုများ ရှိနေသည်ကို ကြားသိရသဖြင့် အနူးအညွတ်တောင်းပန်ကြောင်းလည်း KBZ Pay က ဆိုထားသည်။
ထို့ကြောင့် K pay အကောင့်များ မှားယွင်းစွာပိတ်ခံရပါက သုံးစွဲသူများအနေဖြင့် ဗဟိုဘဏ်၏ [email protected] သို့ e-mail ပေးပို့ကာ အကြောင်းကြားနိုင်သည်ဟု KBZpay က ထုတ်ပြန်သည်။
"စကစ(စစ်ကောင်စီ)ရဲ့ ဗဟိုဘဏ်အကြီးပိုင်း တာဝန်ယူထားတဲ့သူတွေက ကိုယ့်သမိုင်းကိုယ်ရေးနေတာပါ။ ပြည်သူတွေရဲ့ချွေးနည်းစာကို Digital Platform ပေါ်ကနေ ပြည်သူပိုင်သိမ်းတဲ့အချိုးချိုးနေတာဖြစ်တယ်။ လူတစ်ဦးစီမှာရှိတဲ့ ကိုယ်ပိုင်ပိုက်ဆံ တစ်ကျပ်ကိုတောင် သူတို့မှာပိတ်ပိုင်ခွင့်မရှိပါဘူး။လူသိန်းပေါင်းများစွာရဲ့ K pay၊ Wave pay တို့ထဲကပိုက်ဆံကို မတရားသိမ်းယူတယ်ဆိုတာ သက်သက်မဲ့ အနိုင်ကျင့်တယ်လို့မြင်တယ်။ အာဏာကို အလွဲသုံးစားလုပ်တဲ့လုပ်ရပ်ပါ။ KBZ အုပ်စု၊ ဗဟိုဘဏ်ကလူတွေအကုန်လုံး စစ်ခွေး(စစ်ကောင်စီ)တွေ ခိုင်းသမျှ လိုက်လုပ်ပေးနေတဲ့ ဘဏ်လုပ်ငန်းတွေအကုန်လုံး နောင်တချိန်ကျရင် အလှည့်ကျမနွဲ့ဖို့ပဲ ပြောချင်ပါတယ်" ဟု KBZ Pay အကောင့်ပိတ်ခံရခြင်းနှင့် ပတ်သက်ပြီး ပြည်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။
စက်တင်ဘာလ ၂၀ရက်နေ့ မနက်ပိုင်းမှစတင်၍ အဆိုပါ K Pay အကောင့်များအား အသုံးပြုရာတွင် အသုံးပြု၍ မရခြင်း နှင့် အချို့သောအကောင့်များတွင် ပိတ်ခံထားရကြောင်း သိရသည်။
မိုဘိုင်းငွေကြေး သုံးစွဲသူများအနေဖြင့် အချက်အလက်မှန်ကန်စွာ ဖြည့်သွင်းမထားပါက ပိတ်သိမ်းသွားမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စက်တင်ဘာလ ၁၆ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ကိုယ်ရေးအချက်အလက်များကို Level 2 အဆင့်မြှင့်ကြရန်နှင့် အချက်အလက်ပြည့်စုံစွာ မဖြည့်သွင်းသည့် အကောင့်များကို အပြီးတိုင် ပိတ်သိမ်းသွားမည်ဟု ဗဟိုဘဏ်က ဆိုထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး