ရခိုင်မှာ ထပ်တိုးစစ်ရှောင် အပါအဝင် ၆ သောင်းကျော် ရှိလာပြီး အရေးပေါ် အကူအညီများ ပေးကြရန် နိုင်ငံတကာအဖွဲ့အစည်းများကို AA တိုက်တွန်း

ရခိုင်မှာ ထပ်တိုးစစ်ရှောင် အပါအဝင် ၆ သောင်းကျော် ရှိလာပြီး အရေးပေါ် အကူအညီများ ပေးကြရန် နိုင်ငံတကာအဖွဲ့အစည်းများကို AA တိုက်တွန်း

September 21

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်တွင် လက်ရှိပြင်းထန်လာသော တိုက်ပွဲများကြောင့် ထပ်တိုးလာသည့် စစ်ဘေးဒုက္ခသည်များနှင့် ယခင် နေရပ်မပြန်နိုင်သေးသော စစ်ရှောင်များ အပါအဝင် စုစုပေါင်း စစ်ဘေး ဒုက္ခသည် ၆၀,၀၀၀ ကျော်အတွက် အရေးအပေါ် အကူအညီများ ပေးအပ်ကြရန် နိုင်ငံတကာ အဖွဲ့အစည်းများကို ရက္ခိုင့်တပ်တော် (AA) က တိုက်တွန်းလိုက်သည်။

အဆိုပါ စစ်ဘေးဒုက္ခသည်များအတွက် အရေးပေါ်လိုအပ်နေသော ဆေးဝါးနှင့် စားနပ်ရိက္ခာများအား ကူညီထောက်ပံ့ပေးကြရန် စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပ ပြုလုပ်သည့် ရက္ခိုင့်တပ်တော် (AA) ၏ (၅) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲ၌ AA ပြောခွင့်ရသူ ဦးခိုင်သုခက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

“စစ်ကောင်စီရဲ့ လူမဆန်တဲ့လုပ်ရပ်ကြောင့် ဆေးဝါးနဲ့ အဝတ်အထည်တွေကအစ ပြတ်လပ်နေပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာ အရေးအပေါ်အကူအညီတွေ အပူတပြင်းလိုအပ် နေပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ပြီး နှစ်နှစ်နီးပါးကြာ ပြင်းထန်ခဲ့သော ရခိုင်စစ်ပွဲအတွင်း လူပေါင်း နှစ်သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရသော ဒေသခံများသည် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။

လက်ရှိမှာ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တစ်ကျော့ပြန် ပြင်းထန်လာသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာမှုများ ထပ်ရှိလာနေခြင်း ဖြစ်သည်။

စစ်ကောင်စီသည် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်နေသော နိုင်ငံတကာ အဖွဲ့အစည်းများကို ရခိုင်မြောက်ပိုင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံ စသည့် မြို့နယ် ခြောက်ခုတွင် သွားလာခွင့်ကို စက်တင်ဘာလ ၁၆ ရက်နေ့က စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်။

စစ်ကောင်စီ၏ ပိတ်ဆို့မှုသည် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်နေရသော စစ်ရှောင်များအတွက် စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းတွင် များစွာ ထိခိုက်နိုင်သည်ဟု တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်း တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“စားဝတ်နေရေးက မရောက်ဘူးဆိုရင် အခက်အခဲ တော်တော်ဖြစ်မယ်။ နိုင်ငံတကာအလှူနဲ့ မှီခိုနေရတယ်ဆိုတော့ လူကယ်ပြန်ဆီက မရတာကလည်း ငါးလလောက်ရှိပြီ၊ နိုင်ငံတကာအလှူကို အားကိုးနေရတယ်ဆိုတော့ မရဘူးဆိုရင်တော့ စားရေး၊ သောက်ရေး တော်တော် အခက်အခဲ ရှိလိမ့်မယ်” ဟု တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်း တာဝန်ရှိသူက ပြောသည်။

ယင်းအပြင် စက်တင်ဘာလ ၁၆ ရက်နေ့တွင်ပင် လူသားချင်း စာနာထောက်ထားမှု အကူညီများ ပေးအပ်ရန် စားနပ်ရိက္ခာများ တင်ဆောင်လာသော ပရဟိတအဖွဲ့ ကားတစ်စီးကို မြောက်ဦးမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။

လက်ရှိရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ရှေ့ဆက်တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်နေကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ရခိုင်ပြည်နယ်

#AA

#စစ်ဘေးဒုက္ခသည်

#စစ်ရေးအကဲခတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly