ခင်ဦး-ရေဦး လမ်းပေါ်တွင် ကား ၄စီးပါ စစ်ကောင်စီတပ် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ခင်ဦး-ရေဦး လမ်းပေါ်တွင် ကား ၄စီးပါ စစ်ကောင်စီတပ် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မဇ္ဈိမ။ ။

စစ်ကိုင်းတိုင်း၊ ရေဦး - ခင်ဦးလမ်းပေါ်တွင် ကားလေးစီးပါ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ယမန်နေ့ စက်တင်ဘာလ ၂ဝ ရက်၊ မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့နှင့် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကားများ မဖြတ်သန်းခင် လမ်းတစ်လျှောက် စစ်ကောင်စီတပ် ကင်းပုန်းများ ချထားခြင်း၊ စစ်ကားလေးစီးလုံး မိုင်းမိကာ ပျက်စီးဆုံးရှုံးထိခိုက်သေဆုံးမှု များပြားချိန် ခင်ဦးမြို့မှ စစ်ကူများလာရောက်ကာ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း စသည့် မြေပြင်အခြေအနေများအပြင် ကြိုတင်ရရှိထားသည့် သတင်းများအရ စစ်ကောင်စီတပ်ဖွဲ့ အကြီးပိုင်းအရာရှိ လိုက်ပါလာသည်ဟု ယုံကြည်ရကြောင်း Khin U Support Organization (KSO) ၏ တာဝန်ခံ ဗိုလ်လင်းရောင်က ဆိုသည်။

ယာဉ်တန်းတွင် စစ်ကောင်စီတပ်အရာရှိတစ်ဦးပါဝင်လာသည်ဟု သတင်းထွက်နေပြီး အခြေအနေအသေးစိတ်ကိုမူ အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

“ဗျူဟာမှူးမိသွားတယ်။ ကြီးကြီးကျယ်ကျယ်ထိသွားတယ်လို့ ကြားမိပါတယ်။ မြို့ပေါ်မှာလည်း တွေ့သမျှလူ ပစ်မယ်ခတ်မယ်လုပ်လို့ ပြည်သူတွေ မထွက်ရဲဘူး။ မြို့မဈေးပါ ပိတ်ရတယ်လို့ သိရပါတယ်။ ရေဦးကို ခရိုင်တပ်မြို့တော်ဆိုပြီး ဖွင့်ပွဲတွေ ဘာတွေလုပ်ထားတာ လနည်းနည်းကြာပါပြီ။ အဆင့်မြင့်တဲ့ ဗိုလ်ကြီးတွေဘာတွေ အမြဲတမ်းချထားတာ။ အခုက ဗိုလ်မှူးအလဲအလှယ် လုပ်တာပေါ့။ ဒီတယောက်ကိုပို့ပြီး နောက်တယောက်ကို ပြန်ခေါ်ဖို့လုပ်တာလို့ ကြားပါတယ်” ဟု ဗိုလ်လင်းရောင်က ပြောသည်။

ရေဦးမြို့မှ ယမန်နေ့ စက်တင်ဘာလ ၂ဝ ရက်၊ မနက်အစောပိုင်း ၃ နာရီအချိန်ခန့်တွင် ထွက်လာသည့် စစ်ကားလေးစီးကို အင်းပတ်ကွေ့အနီးတွင် မိုင်းခြောက်လုံးဆွဲ တိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးခဲ့သည်။ ကျန်ရှိသည့် စစ်ကားသုံးစီးမှာ ကံသစ်ကျေးရွာနှင့် ခင်ဦးမြို့အကြားအရောက်တွင် မိုင်း ၁၂ လုံးဆွဲ တိုက်ခိုက်ခံရပြီး ကားသုံးစီးလုံးပျက်စီးကာ စစ်ကောင်စီတပ်သားများ ထပ်မံထိခိုက်သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းမတိုင်ခင် စက်တင်ဘာလ ၁၉ ရက်တွင် ရေဦးမြို့မှ စစ်ကားနှစ်စီးဖြင့် အင်အားချသွားသည့် စစ်ကောင်စီကင်းပုန်းများကို လမ်းတစ်လျှောက် ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များက နေရာသုံးနေရာတွင် တိုက်မိုင်း၊ နင်းမိုင်း၊ ဆွဲမိုင်းများအသုံးပြုကာ ဒရုန်းဖြင့် ဗုံးသီးများပါကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ရွာသစ်ကျေးရွာနှင့် မောက်ပြည့်ကျေးရွာမှ ရွာခံနှစ်ဦးလက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း

#ရေဦး-ခင်ဦးလမ်း

#စစ်ကောင်စီတပ်

#မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly