ရှမ်းမြောက်ရှိ စစ်ရှောင်စခန်းများကို စစ်ကောင်စီက အောက်တိုဘာလကုန် နောက်ဆုံးထားကာ ပိတ်သိမ်းခိုင်းနေ

ရှမ်းမြောက်ရှိ စစ်ရှောင်စခန်းများကို စစ်ကောင်စီက အောက်တိုဘာလကုန် နောက်ဆုံးထားကာ ပိတ်သိမ်းခိုင်းနေ

September 21

မဇ်ဈိမ ။ ။ ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ရှောင်စခန်းများကို စစ်ကောင်စီ လက်အောက်ခံဌာနက အောက်တိုဘာလကုန် နောက်ဆုံးထားကာ ပိတ်သိမ်းရန် ယခု စက်တင်ဘာလ လဆန်းပိုင်းက ညွှန်ကြားထားကြောင်း သိရသည်။

အောက်တိုဘာလကုန် နောက်ပိုင်းသည် ကလေးများ ကျောင်းတက်ချိန် ဖြစ်နေသည့်အတွက် ကျောင်းပိတ်ချိန်အထိ နောက်ဆုတ်ပေးရန် အသနားခံစာ တင်ထားသည်ဟု နမ္မတူမြို့ရှိ စစ်ရှောင်များကို ကူညီပေးနေသည့် မြို့နယ်စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

"ဟုတ်ပါတယ်။ မိုးရာသီကုန် အောက်တိုဘာလအပြီးရွှေ့ပေးဖို့ ပြောထားတယ်။ ဒီမှာက ကျောင်းတက်တဲ့ကလေးတွေ ရှိနေတော့ နောက်နှစ် လေးလပိုင်း ရွှေ့ပေးဖို့ အသနားခံစာ တင်ထားတယ်ပေါ့နော်။ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြစ်နေတော့ အောင်မြင်မလား မအောင်မြင်ဘူးလားတော့ မသိဘူးပေါ့နော်"ဟု မြို့နယ်စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

နမ္မတူရှိ စစ်ရှောင်များသည် ၂ဝ၁၆ ခုနှစ်က နမ္မတူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ပြီး မြို့တွင်းတွင် လီဆူစခန်း၊ ကြူဆော့ ၊ရှမ်းနှင့် ကချင်စခန်းများရှိကာ မန်စံမှ နမ္မတူမြို့အဝင် ပန်သပြေရွာ၌လည်း စစ်ရှောင်စခန်းတစ်ခု ရှိနေသည်။

နမ္မတူမြို့မှ စစ်ရှောင် အမျိုးသမီးတစ်ဦးကလည်း "ပြန်ရမယ်ဆိုရင် ပထမတော့ မလုံခြုံဘူး။ ဒုတိယတော့ ကျောင်းဖွင့်နေတဲ့ အချိန်တိုအတွင်းမှာ ပြောင်းရွှေ့ဖို့ အဆင်မပြေဘူး။ ကလေးတွေ ကျောင်းပိတ်တဲ့အချိန်ထိ ကျမတို့ နေတဲ့စခန်းမှာ ဆက်နေရရင်တော့ ကောင်းတာပေါ့နော်" ဟု ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မန်တုံ၊ နမ့်ဆန်၊ မိုးမိတ်မြို့နယ်များတွင် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် တအာင်း TNLA၊ ကချင် KIA၊ ကိုးကန့် MNDAA၊ ရှမ်း SSPP၊ ရခိုင်တပ် AA တို့အကြား ၂၀၁၂ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ တိုက်ပွဲ မကြာခဏ ဖြစ်ပွါးနေသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ၊ မန်တုံ၊ လားရှိုးနှင့် သိန္နီမြို့နယ်အတွင်း စစ်ရှောင်စခန်း ၂၆ခု၌ စစ်ရှောင် ဦးရေ ၁၅,၀၀၀ ခန့် ခိုလှုံနေကြ​ကြောင်း ဒေသအခြေစိုက် ရွှေဖီမြေ သတင်းဌာနက ဖော်ပြထားသည့် စာရင်းအရ သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရှမ်းပြည်နယ်မြောက်ပိုင်း

#စစ်ရှောင်စခန်း

#စစ်ဘေးရှောင်

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly