မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများ ဖြစ်နေ၍ နယ်စပ်မှ ဒေသခံများကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးရန် ဘင်္ဂလားဒေ့ရှ် စီစဉ်

မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများ ဖြစ်နေ၍ နယ်စပ်မှ ဒေသခံများကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးရန် ဘင်္ဂလားဒေ့ရှ် စီစဉ်

September 21

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဆက်ရှိနေစဉ် ဘေးအန္တရာယ်များသော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဧရိယာများမှ ဒေသခံရွာသား ရာချီကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့ စီစဉ်လျက် ရှိသည်။

“လုံခြုံရေး အခြေအနေအရ နယ်စပ်အနီးအနားမှာ နေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ဘေးလွတ်ရာအရပ်တွေဆီ ယာယီရွှေ့ပြောင်းခိုင်းဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က ဒေသအာဏာပိုင်တွေကို ပြောထားပါတယ်” ဟု BGB ၏ စစ်ဆင်ရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီး ဖိုင်ဇာ ရာမန်က UCA News ကို ပြောသည်။

နယ်စပ်တွင် မြန်မာအာဏာသိမ်းစစ်တပ်နှင့် အေအေ တပ်ဖွဲ့အကြား တိုက်ပွဲများ ဆက်ရှိနေခြင်းကို ထောက်ရှုလျက် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို သေချာစေရန် လုပ်ဆောင်ချက်များ လုပ်ဆောင်လျက် ရှိကြောင်း ရာမန်က ပြောသည်။

မြန်မာဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း လုံခြုံရေးနှင့် စောင့်ကြည့်ထောက်လှမ်းမှုကို တိုးမြှင့်ထားခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိက ပြောသည်။

“မြန်မာနယ်စပ်တစ်လျှောက် ထွက်ပေါ်လာနေတဲ့ လုံခြုံရေး အခြေအနေကြောင့် အဲဒီမှာ တပ်ဖြန့်ထားတဲ့ BGB တပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့်ထားရသလို ထောက်လှမ်းမှုနဲ့ စောင့်ကြည့်ကင်းလှည့်မှုတွေကို တိုးမြှင့်ထားခဲ့ရပါတယ်” ဟု ရာမန်က ပြောသည်။

ဘေးလွတ်ရာ ရွှေ့ပြောင်းရမည့် ဒေသခံဦးရေကို အဆိုပါ အရာရှိက ထုတ်ဖော်ခြင်း မရှိသော်လည်း တွန်ဘရူနှင့် ဂမ်ဒမ် နယ်စပ် ဧရိယာများမှ မိသားစုပေါင်း ၃၇၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမီဒီယာက ဖော်ပြသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required