မြန်မာစစ်တပ်၏ ရန်ပုံငွေကို ဖြတ်တောက်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား ကုလသမဂ္ဂ တိုက်တွန်း 

မြန်မာစစ်တပ်၏ ရန်ပုံငွေကို ဖြတ်တောက်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား ကုလသမဂ္ဂ တိုက်တွန်း 

စက်တင်ဘာလ ၁၇ ရက်

အာရှနိုင်ငံ မြန်မာနိုင်ငံအတွင်း၌ ၂၀၂၁ ဖေဖော်ဝါရီလက စစ်တပ်၏ အာဏာသိမ်းလိုက်ချိန်မှစကာ လူ့အခွင့်အရေး ပြင်းပြင်းထန်ထန် ချိုးဖောက်မှုများကြောင့် မြန်မာစစ်တပ်ကို ဘဏ္ဍာရေးဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နှင့် ရန်ပုံငွေ ဖြတ်တောက်ရန် အချက်အလက် ရှာဖွေရေးမစ်ရှင်က အကြံပြုကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောသည်။ 

“လူ့အခွင့်အရေးကောင်စီရဲ့ မေတ္တာရပ်ခံချက်အရ ကျွန်တော်တို့ ရုံးဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်”ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရသူ ဂျာရီမီ လော်ရန့်က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

“တပ်မတော်နဲ့ ၎င်း၏ စီးပွားရေး အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထားတဲ့ ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ အချက်အလက် ရှာဖွေရေး မစ်ရှင်ရဲ့ အကြံပြုချက်ကို ဒီ အစီရင်ခံစာမှာ ထပ်လောင်း ထောက်ခံထားပါတယ်”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။ 

မြန်မာစစ်အာဏာသိမ်းအုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်၊ တုံ့ပြန်သော လူ့အခွင့်အရေးကာကွယ်သူများအတွက် ဘဏ္ဍာရေးအပါအဝင် ကျယ်ပြန့်သော ထောက်ပံ့မှုများ အားချင်းလိုအပ်ကြောင်း ယင်း အစီရင်ခံစာ၌ ကုလသမဂ္ဂ ပညာရှင်များက ဆိုထားသည်။ 

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာလူထုအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကို မျက်ကွယ်ပြုရာရောက်ခြင်းများ အဆုံးသတ်ရန်လည်း ၎င်းတို့က တိုက်တွန်းထားသည်။ 

“နိုင်ငံတကာက အရေးယူဖို့ ပျက်ကွက်တာကို ရင်ဆိုင်နေရရင်း စစ်အာဏာသိမ်းအုပ်စုရဲ့ နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ဆက်လက်ကျူးလွန်ခံနေရတယ်၊ ပစ်မှတ်ထား ကျူးလွန်ခံရသူတွေကို ထောက်ပံ့ဖို့ လူ့အခွင့်အရေး ကာကွယ်သူတွေဟာ အဆက်မပြတ် ကြိုးပမ်းနေတယ်”ဟု လူ့အခွင့်အရေး ခုခံကာကွယ်သူများဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မာရီ လောလာက ပြောသည်။ 

လူ့အခွင့်အရေး ခုခံကာကွယ်သူများ၏ ရင်ဆိုင်နေရသော ဘေးအန္တရာယ်များနှင့် အမျိုးသမီးအခွင့်အရေး ကာကွယ်သူများ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ် အင်ဒရူးနှင့်အတူ လောလာက မီးမောင်းထိုး ပြောဆိုသည်။ 

“စစ်အာဏာသိမ်းပြီးချိန်ကစလို့ လူ့အခွင့်အရေး ကာကွယ်သူတွေဟာ သတ်ဖြတ်ခံရတယ်၊ အစဖျောက်ခံနေရတယ်၊ အခုဆိုရင် စစ်တပ်စစ်ဆေးရေးဂိတ်တွေမှာ သူတို့ရဲ့ မှတ်တမ်းမှတ်ရာတွေကို သိမ်းဆည်းခံရပြီးဆိုတာနဲ့ ဖမ်းဆီးနှိပ်စက်ခံရမယ့်ဘေးတွေ၊ လိင်အကြမ်းဖက်ခံရမယ့် ဘေးတွေနဲ့ အသက်ဘေးတွေနဲ့ပါ ရင်ဆိုင်နေရတယ်”ဟု လောလာက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly