တနင်္သာရီတိုင်းတွင် ဩဂုတ်လအတွင်း အကြမ်းမဖက်လူထုလှုပ်ရှားမှု (၄၁) ကြိမ်ပြုလုပ်ခဲ့ဟုဆို

By ကိုရွှေမြိတ်
15 September 2022
တနင်္သာရီတိုင်းတွင် ဩဂုတ်လအတွင်း အကြမ်းမဖက်လူထုလှုပ်ရှားမှု (၄၁) ကြိမ်ပြုလုပ်ခဲ့ဟုဆို

September 15

မဇ္ဈိမ ။ ။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့်ဩဂုတ်လအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှု (၄၁) ကြိမ် အထိ ပြုလုပ်ခဲ့ကြောင်း Southern Monitor ၌ဖော်ပြထားသည်။

လက်နက်ကိုင် ပဋိပက္ခများကြောင့် စစ်ရေးမြင့်တက်နေသည့်ကြားမှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ သပိတ် ကော်မတီဝင်များ၊ အမျိုးသမီး မဂ္ဂများ၊ ကျောင်းသား လူငယ်များ၊ တော်လှန် လူငယ်များနှင့် ဒေသခံများလည်း ပူးပေါင်း ဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အလားတူ အချို့ လူထုလှုပ်ရှားများအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များမှလည်း ဝန်းရံပေးခဲ့သည်ဟု Southern Monitor ပြုစုထားသော အချက်အလက်များ အရသိရသည်။

ယင်းလှုပ်ရှားမှုနှင့် ပတ်သက်ပြီး Southern Monitor ၏ ဖော်ပြချက်များအရ ပြီးခဲ့သည့်ဩဂုတ်လ အတွင်း လောင်းလုံးမြို့နယ်တွင် (၁၇ ) ကြိမ်၊ သရက်ချောင်းမြို့နယ်တွင် (၁၄) ကြိမ်၊ ထားဝယ်မြို့နယ်တွင် လေး ကြိမ်၊ ရေဖြူမြို့နယ်တွင် သုံးကြိမ်၊ တနင်္သာရီမြို့နယ်တွင် နှစ် ကြိမ်နှင့် ပုလောမြို့နယ်တွင် တစ်ကြိမ် စုစုပေါင်း ၄၁ ကြိမ် ရှိခဲ့ကြောင်းသိရသည်။

တနင်္သာရီတိုင်းအတွင်း စစ်တပ်အာဏာသိမ်းချိန်မှစ၌ ပြီးခဲ့သည့်သြဂုတ်လအထိ အကြမ်းမဖက်လူထု လှုပ်ရှားမှုပေါင်း ၃၅,၀၀ ကျော်ပြီသည်ဟု Southern Monitor ၏ အချက်အလက်များ အရသိရသည်။

Southern Monitor အဖွဲ့သည် တနင်္သာရီတိုင်းထဲမှ လူမှုစီးပွားရေး၊ စစ်ရေးပဋိပက္ခများ၊ စစ်ဘေးရှောင် အခြေအနေများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို စောင့်ကြည့်လေ့လာနေသည့် သုတေသန အဖွဲ့ တစ်ခု ဖြစ် သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#တနင်္သာရီတိုင်း

#Southern_Monitor

#လူထုလှုပ်ရှားမှု

#စစ်အာဏာသိမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly