အင်းတော်မြို့နယ်တွင် DSAဆင်း ရှရှားပြန် စစ်ထွက် အပါအဝင် ပျူစောထီးအဖွဲ့ဝင် ၅ဦး ရှင်းလင်းခံရ

By ကိုခင်မောင်
14 September 2022
အင်းတော်မြို့နယ်တွင် DSAဆင်း ရှရှားပြန် စစ်ထွက် အပါအဝင် ပျူစောထီးအဖွဲ့ဝင် ၅ဦး ရှင်းလင်းခံရ

စက်တင်ဘာ ၁၄

မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင် အင်းတော်မြို့နယ်တွင် Defence Services Academy ( DSA) စစ်တက္ကသိုလ်ဆင်း ရှရှားပြန်စစ်ထွက် ဦးကောင်းမြတ်ဇော် အပါအဝင် ပျူစောထီးအဖွဲ့ဝင် ငါးဦးကို ရှင်းလင်းခဲ့သည်ဟု အင်းတော်မြို့နယ် နယ်မြေရှင်းလင်းရေးအဖွဲ့မှ တော်လှန်ရေးရဲဘော် တစ်ဦးထံမှ သိရသည်။

အင်းတော်မြို့ တစ်မြို့နယ်လုံး၏ ပျူစောထီးခေါင်းဆောင် ဦးကောင်းမြတ်ဇော်နှင့် အဖွဲ့ဝင်လေးဦးသည် အင်းတော်ပျူစောထီးတပ်ရင်းအတွက် လက်နက်ကိစ္စ ညှိနှိုင်းဆောင်ရွက်ရန် ကသာမြို့နယ် ခမရ (၃၀၉)တပ်သို့ သွားနေစဉ် လမ်းပိုင်းတစ်နေရာတွင် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းတော်လှန်ရေးရဲဘော်က မဇ္ဈိမကို ပြောသည်။

“သူတို့တွေဟာ ပျူစောထီးဖြစ်တယ်ဆိုတဲ့အကြောင်း ဖရဲသီးဆီကနေ ရတာ။ ကျနော်တို့ဆီ စာနဲ့တကွရောက်လာတာ အတွင်းထဲကပေးတာပဲ၊ တိကျခိုင်လုံတဲ့ သက်သေတွေရှိပါတယ်။ ပြီးတော့ ဦးကောင်းမြတ်ဇော်က နာမည်ကြီးပဲကို။ ပျူစောထီး တစ်ယောက်လောက်စစ်မေးလိုက်ရင် အကုန်ပေါ်တာကြီးကို” ဟု အဆိုပါတော်လှန်ရေးရဲဘော်က ဆိုသည်။

ဦးကောင်းမြတ်ဇော်သည် အင်းတော်တစ်မြို့နယ်တွင် ပျူစောထီးလုပ်ငန်းများလုပ်ဆောင်နိုင်ရန် တာဝန်ယူထားပြီး အင်းတော်မြို့နယ်ရှိ ကျေးရွာများမှ ဒလန်များကလည်း ဦးကောင်းမြတ်ဇော်အား သတင်းအချက်အလက်များကို အကုန်ပေးပို့နေရကြောင်းလည်း သိရပါသည်။

လက်နက်တပ်ဆင်မှုတွင် ဦးကောင်းမြတ်ဇော်သည် အတိုကိုင်မည့်သူဖြစ်ပြီး ၎င်းနှင့်အတူ တွဲဖက်လုပ်ကိုင်နေသည့် ကြံ့ခိုင်ရေးအမာခံ ဦးလုံးတော်၊ ဦးဝင်းဦး၊ ဦးကျော်ဆွေဦးနှင့် ဦးဇော်ထွန်းတို့ကလည်း ပျူစောထီးလုပ်ငန်းများကို မရပ်မနား ကြိုးစားလုပ်ကိုင်ကြသူများဖြစ်ကြောင်း အဆိုပါရဲဘော်က ဆိုသည်။

အဆိုပါ ပျူစောထီးအဖွဲ့အဝင်များကြောင့် အင်းတော်မြို့နယ်မှာ မတရား ဖမ်းဆီးခံရသူများနှင့် ထွက်ပြေးတိမ်းရှောင်နေသူများလည်းရှိကြောင်း သိရပါသည်။

ထို့ကြောင့် ဦးကောင်းမြတ်ဇော် အပါအဝင် ကြံ့ခိုင်ရေးအမာခံ နှင့် စစ်တပ်ထွက်များဖြစ်သည့် ဦးလုံးတော်၊ ဦးဝင်းဦး၊ ဦးကျော်ဆွေဦးနှင့် ဦးဇော်ထွန်းတို့ကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးအမာခံ ဦးလုံးတော်သည်လည်း ပျူစောထီးလုပ်ငန်းများဆက်မလုပ်ရန် တော်လှန်ရေးအင်အားစုမှ ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် သတိပေးခြင်းခံထားရသူ တစ်ဦးဖြစ်သည်ဟု ဆိုသည်။

အင်းတော်မြို့နယ်၌ ပျူစောထီးအဖွဲ့ဝင် ၇၅ဦးရှိပြီး ပရဟိတ အမည်ခံကာ ပျူစောထီး လုပ်ငန်းများ လုပ်ကိုင်နေသည့်အပြင် ၎င်းတို့အားလုံးမှာ ကြံ့ခိုင်ရေးအမာခံများနှင့် စစ်တပ်ထွက်များဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#MIZZIMA

#ပျူစောထီး

#ကြံ့ခိုင်ရေးအမာခံ

#အင်းတော်မြို့နယ်

#DSA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly