မြန်မာ စစ်ရာဇဝတ်မှု အချက်အလက် အများအပြားကို ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ ဖေ့ဘွတ်ခ်က လွှဲပြောင်းပေး

မြန်မာ စစ်ရာဇဝတ်မှု အချက်အလက် အများအပြားကို ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ ဖေ့ဘွတ်ခ်က လွှဲပြောင်းပေး

စက်တင်ဘာ ၁၃

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်က စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်မှုတို့ကို ကျူးလွန်ထားသည် ဆိုသည့် စွပ်စွဲချက်များကို ထောက်ကူပံ့ပိုးပေးနိုင်သော အချက်အလက်ပေါင်း သန်းချီကို ဖေ့ဘွတ်ခ်ကုမ္ပဏီက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ အဖွဲ့တစ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ထားကြောင်း အဆိုပါအဖွဲ့၏ အကြီးအကဲက ပြောသည်။

ကုလသမဂ္ဂ၏ မြန်မာဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) သည် နိုင်ငံဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံတကာ တရားရုံးများတွင် မြန်မာစစ်တပ်ကို တရားစွဲဆိုရေးအတွက် အမှုတွဲဖိုင်များ တည်ဆောက်ရန် ရည်မှန်းလုပ်ဆောင်နေသည်။ IIMM အဖွဲ့ကို ကုလ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်တွင် ထူထောင်ခဲ့ခြင်းဖြစ်ပြီး နောက်တစ်နှစ်တွင် အဆိုပါအဖွဲ့က လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။

“ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတဲ့ ကိုယ်ရေးအချက်အလက်တွေကို မမှန်မကန် ဖော်ပြတဲ့အတွက် ကုမ္ပဏီက ဖြုတ်ချခဲ့တဲ့ အကောင့် ကွန်ရက်တွေဆီက အချက်အလက်သန်းချီကို ဖေ့ဘွတ်ခ်က IIMM အဖွဲ့ထံ လွှဲပြောင်းမျှဝေထားပါတယ်” ဟု IIMM ၏ အကြီးအကဲ နီကိုးလပ်စ် ခွန်မ်ဂျန်က ဂျီနီဗာရှိ ကုလ လူ့အခွင့်အရေးကောင်စီကို ပြောသည်။

၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုတစ်ခုကြောင့် ရိုဟင်ဂျာ ၇၃၀,၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာသည် ကုလ၏ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် လူမျိုးတုံးသတ်မှု စွဲချက်များနှင့် ရင်ဆိုင်နေရသည်။

ရိုဟင်ဂျာတို့အပေါ် ကျူးလွန်ထားသည့် ပြစ်မှုများအတွက် တာဝန်ခံ၊ တာဝန်ယူမှုရှိစေ‌ရေး နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း ဖေ့ဘွတ်ခ်က ပြောသည်။

“မိမိတို့ဟာ ကုလ စုံစမ်းစစ်ဆေးရေး ယန္တရားထံ မိမိတို့ဆန္ဒအလျောက် ဥပဒေနဲ့အညီ ဖွင့်ဟထုတ်ဖော်မှုတွေ လုပ်ခဲ့သလို လူမျိုးတုန်းသတ်မှုနဲ့ အိုင်စီဂျေမှာ အမှုဖွင့်တရားစွဲဆိုခဲ့တဲ့ ဂမ်ဘီယာထံလည်း သတင်းအချက်အလက်တွေ ထုတ်ဖော်ဖွင့်ဟပေးထားခဲ့ပါတယ်” ဟု ဖေ့ဘွတ်ခ်၏ မိခင်ကုမ္ပဏီ Meta မှ လူ့အခွင့်အရေးမူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး မီရန်ဒါ ဆစ်ဆန်စ်က အီးမေးလ်မှတစ်ဆင့် ပြောသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုကို မီးလောင်ရာ လေပင့်ဖြစ်စေခဲ့သည့် အမုန်းစကားများကို ဆိုရှယ်မီဒီယာဆိုဒ်ကနေ တစ်ဆင့် ဖြန့်ခဲ့မှုများ ရှိခဲ့ကြောင်း ၂၀၁၈ ခုနှစ်က ကုလ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးအရာရှိများက ပြောသည်။ အမုန်းစကားများကို ပိတ်ပင်တားဆီးရန် လုပ်ဆောင်နေသည်ဟု ဖေ့ဘွတ်ခ်က ပြောသည်။

ဖေ့ဘွတ်ခ်ထံမှ အချက်အလက်များအပြင် အခြားသော ရင်းမြစ် ၂၀၀ ကျော်မှ ရသော အချက်အလက်များနှင့်အတူ IIMM အနေဖြင့် “ထင်ရှားပေါ်လွင်ပြီး ပိုင်းခြားစိတ်ဖြာထားသော အချက်အလက်ဖိုင်ပေါင်း” ၆၇ ခုကို ပြင်ဆင်ထားသည်။ “ဒါတွေကို အိုင်စီစီ၊ အိုင်စီဂျေ အပါအဝင် တရားရေး အာဏာပိုင်တွေဆီ ပေးအပ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု မစ္စတာ ခွန်မ်ဂျန်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးဝင်ရောက်ခဲ့ရသည့် ရိုဟင်ဂျာ ဒုက္ခသည်များအရေးနှင့် စပ်လျဉ်းပြီး နိုင်ငံမှ နှင်ထုတ်ခြင်းနှင့် လူသားထုအပေါ် ကျူးလွန်သည့် အခြားပြစ်မှုများကို စုံစမ်းစစ်ဆေးသည့် အမှုတစ်ခုကို အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးက ဖွင့်လှစ်ထားသည်။

လူမျိုးတုံးသတ်မှု စွဲချက်ကို မြန်မာအာဏာသိမ်းစစ်တပ်က ငြင်းဆန်ထားပြီး ၎င်းတို့ တပ်ဖွဲ့များအနေဖြင့် တရားဝင် နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required