မင်းကင်းနယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို PDF မှအနီးကပ်ဝင်ပစ်၍ တပ်သား ၂ ဦးသေ

မင်းကင်းနယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို PDF မှအနီးကပ်ဝင်ပစ်၍ တပ်သား ၂ ဦးသေ

September 8

ကော်သူးလေ(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်မှ မင်းကင်းမြို့နယ် တောင်တွင်းဒေသ အထက်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို PDF ပူးပေါင်း တပ်များကအနီးကပ်ဝင်တိုက်ရာ နှစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၆ ရက်၊ နံနက် ၁၀ နာရီခွဲတွင် မုံရွာ-ယာကြီး-ကလေးဝကားလမ်းပိုင်းရှိ တောင်တွင်းဒေသ အထက်ပိုင်း တပ်ချောင်းရွာအရှေ့ ရွှေသမင်တောင်ထိပ်အနီးတွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

“ တိုက်ပွဲက မိနစ်အများကြီးတော့ဖြစ်ခဲ့တာမျိုးတော့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့က တောင်ထိပ်ကနေ အနီးကပ်တိုက်ခိုက်ခဲ့ရတဲ့အနေအထားတစ်ခုမှာ ကျွန်တော်တို့ဘက်က ခါးချိုးတွေနဲ့ဆိုတော့ ငါးမိနစ် လောက်ပစ်ခဲ့ကြရတာ။ ရှစ်တောင်လောက်အကွာကနေပစ်ပြီး ပြန်ဆုတ်ခဲ့တာဗျ” ဟု ရှေ့တန်းမြေပြင် တွင် တိုက်ပွဲဝင်နေသည့် ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) မှ ရဲဘော်ကပြောသည်။

တိုက်ပွဲအတွင်း ရှေ့ပြေးတက်လာသော စစ်ကောင်စီတပ်သားများအနက် နှစ်ဦးသေဆုံးခဲ့သည်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ မျက်မြင်အတည်ပြုချက်အရ သိရခြင်းဖြစ်ကြောင်းဆိုသည်။

အဆိုပါစစ်ကြောင်းသည် ဩဂုတ်လနောက်ဆုံးအပတ်တွင် ‌ကလေးဝဘက်မှ ကားခုနစ်စီး၊ အင်အား (၁၀၀) ကျော်ဖြင့် စစ်ကြောင်းထိုးချီတက်လာပြီး မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်ဒေသ အောက်ပိုင်း သို့ စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။

ကျောက်တန်းရွာနှင့် ကြာပင်ရွာအနီးရှိ စခန်းများတွင် ကားများကိုထားခဲ့ပြီး ဒေသခံကာကွယ်ရေးအဖွဲ့ များ၏ မိုင်းများကိုကွင်းရှောင်၍ တောင်ကြောပေါ်မှလည်းကောင်း၊ လယ်ကွင်းများဘက်မှလည်းကောင်း တောင်တွင်း‌ဒေသ အထက်ပိုင်းရွာများဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ စကစ ခြေလျင်စစ်ကြောင်းကို ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂) (KPDF2)၊ ကနီမြို့နယ် ဆယ်ရွာဒေသ ပကဖတပ်ရင်းနှင့် တိမ်ပျံပျောက်ကျား(တောင်တွင်းဒေသ)တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းစစ်ကြောင်းသည် လမ်းတစ်လျောက်ရှိ စစ်ရှောင်ပြည်သူများအားဖမ်းဆီးခြင်း၊ ကင်းပုန်းဝပ်နေသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (၂) မှလည်းထုတ်ပြန်ထားသည်။

ထို့ပြင် မင်းကင်းမြို့နယ် ကျော်ရွာတွင်တပ်စွဲထားသည့်စစ်ကောင်စီတပ် အင်အား ၁၀ ဦးခန့်သည်လည်း စက်တင်ဘာလ ၆ ရက် ညနေ ၄ နာရီအချိန်တွင် ကုန်းပေါ်ရွာသို့ရောက်ရှိလာကာ ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ကြောင်းထိုးလာသည့်အတွက် မင်းကင်းမြို့နယ်အတွင်းရှိ ကုန်းပေါ်ရွာ၊ ကျောက်တော်၊ စပါး တော၊ ကျောက်တော်နှင့် အနီးအနားကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ စောဖေ

#မင်းကင်းမြို့နယ်

#ကလေးဝမြို့နယ်

#ခြေလျင်စစ်ကြောင်း

#မုံရွာ_ယာကြီး_ကလေးဝကားလမ်း

#တောင်တွင်းဒေသ

မင်းကင်းနယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required