မောင်တောမြို့နယ် မင်းကြီးကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အမျိုးသမီးသေဆုံး

မောင်တောမြို့နယ် မင်းကြီးကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အမျိုးသမီးသေဆုံး

ဩဂုတ် ၂၇

စစ်တွေ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မင်းကြီးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ဩဂုတ်လ ၂၇ ရက် နံနက် ၉ နာရီခန့်တွင် ကျေးရွာအတွင်း ကျရောက်လာသည့် လက်နက်ကြီးကျည်ထိမှန်သောကြောင့် အသက် (၆၀) ကျော်အရွယ် ဒေါ်မယ်သာစိန် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

သေဆုံးသူဒေါ်မယ်သာစိန်သည် သူ၏အိမ်ရှေ့တွင်ထိုင်နေစဉ် နေအိမ်ခြံဝင်းအတွင်းသို့ ကျရောက်သည့် လက်နက်ကြီးထိမှန်သေဆုံးခဲ့ရခြင်းဖြစ် သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

“ ၉ နာရီခန့်မှ လက်နက်ကြီးပစ်သံကိုတော့ သုံးလေးချက်ကြားလိုက်တယ်။ နောက်ဆုံးတစ် လုံးက ကျေးရွာအတွင်းမှာလာကျတာပါ။ ဘယ်နေရာကပစ်နေမှန်းမသိရဘူး။ ဒေါ်မယ်သာ စိန်တို့ခြံဝင်းအတွင်းကို လာတာပါ။ သူ့သားသမီးတွေ ဖုန်းဆက်လာတယ်။ သေသွားပြီဆိုတာ၊ ကျနော်တို့လည်း စိတ်မကောင်းဖြစ်ရပါတယ် ” ဟုမင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို လက်ရှိအချိန်တွင်၎င်း၏နေအိမ်တွင်ထားရှိပြီး သင်္ဂြိုဟ်ရန်အအတွက် မစီစဉ်ရသေးဟုလည်းသိရသည်။

အလားတူ ကျေးရွာအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာ သားများသည် မင်းကြီးကျေးရွာဘုန်းကြီးကျောင်းအောက်တွင် ခိုလှုံနေရသည်လည်း ဆိုသည်။

“ ကျေးရွာသားတွေအကုန်လုံးက ဘုန်းတော်ကြီးကျောင်းမှာနေနေကြရတယ်။ သေဆုံးသွားတာကို သွားမကြည့်ရသေးဘူး။ တစ်ရွာလုံးကကြောက်ပြီး ဘုန်းတော်ကြီးကျောင်း မှာစုနေကြရတာ “ ဟု အုပ်ချုပ်ရေးမှူးက ဆက်ပြောဆိုသည်။

ယခုလအတွင်း ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့အကြား မောင်တောမြို့နယ် အတွင်းတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ အကျအဆုံးများပြားလာကြောင်းလည်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်မှ မောင်တောမြို့နယ်အတွင်း စစ်အင်အား၊ လက်နက်အင်အားများကို တိုးချဲ့လာကြောင်းနှင့် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ထားသည့်အတွက်လည်း စားနပ်ရိက္ခာပြတ်လပ်နေမှုနှင့်ကြုံတွေ့နေကြရကြောင်းလည်း ဒေသခံများထံက သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#လက်နက်ကြီး

#ကျရောက်ပေါက်ကွဲ

#မင်းကြီးကျေးရွာ

#မောင်တောမြို့နယ်

#အုပ်ချုပ်ရေးမှူး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly