ဗီဒီယိုဖိုင်အဟောင်းဖြင့် Non-CDM ဆရာမအား PDF မှရိုက်နှက်သည်ဆိုသောသတင်းမှား ထပ်မံပျံ့နှံ့

By ကျော်ကြီး
27 August 2022
ဗီဒီယိုဖိုင်အဟောင်းဖြင့် Non-CDM ဆရာမအား PDF မှရိုက်နှက်သည်ဆိုသောသတင်းမှား ထပ်မံပျံ့နှံ့

ဩဂုတ် ၂၇

ရန်ကုန်(မဇ္ဈိမ)။ ။Non-CDM ဆရာမတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က အနိုင်ကျင့်နှိပ်စက်နေ ကြောင်းရေးသားထားသည့် ဗီဒီယိုတစ်ခု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိ သည်။ ထိုရုပ်သံဖိုင်သည် ၂၀၁၇ ခုနှစ်တည်းက ရှိနေသည့် ဗီဒီယိုအဟောင်းတစ်ခုသာဖြစ်သည်။

အဆိုပါဗီဒီယိုဖိုင်ကို ဩဂုတ်လ ၁၄ ရက်နေ့တွင် တယ်လီဂရမ်ရှိ "Sagaing News" ချန်နယ်မှ "Non CDM ဝန်ထမ်းဆရာမတစ်ယောက်ကို PDF အကြမ်းဖက်တွေက လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက် နေတာတဲ့...ဒီလို ကျင့်ဝတ်မရှိ၊ သိက္ခာမရှိ၊ ဥပဒေမရှိ၊ လက်နက်အားကိုးနဲ့ ပြည်သူတွေအပေါ် မိုက်ရိုင်း စော်ကားနေကြတဲ့ PDF အဖွဲတွေ အမြန်ဆုံး ကျရှုံးပါစေ...ဆရာဆိုတာ ဗုဒ္ဓဘာသာမြန်မာတွေအတွက် ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားပြီး ရိုသေလေးစားထိုက်သူပါ...ဒါကို PDF ဆိုတဲ့ အကြမ်းဖက်တွေက အခုလို လုပ်တယ်ဆိုတော့ သူတိုရဲ့ လုပ်ရပ်က ဘယ်လောက်တောင် အောက်တန်းကျပြီး ရွံစရာကောင်းလဲဆိုတာ ပြည်သူတွေ သိလောက်ရောပေါ့.." (မူရင်းသတ်ပုံအတိုင်း) ဟု ရေးသားဖော်ပြထားသည်။

ထို့အပြင် တပ်ကြပ်ကြီး ဖိုးစည်၊ Link ၊ ကိုလှရွှေ(သတင်းမှန်)၊ NowNews21 ၊ DGF21News ၊ DGF21NewsGP ၊ Myanmar Army Mailbox ၊ Naymin(အညတရစစ်သားအို)၊ Justice seeker Group-JSG၊ အသန်း စသည့် တယ်လီဂရမ်ချန်နယ်နှင့် ဂရုများတွင် တပုံစံထဲကူးယူဖော်ပြထားပြီး ဖေ့စ်ဘုတ်တွင် လည်း ပျံ့နှံ့လျက်ရှိနေသည်။

အဆိုပါဗီဒီယိုတွင် အမျိုးသမီးတစ်ဦးအား လည်ပင်းတွင်ကြိုးဖြင့်ချည်ကာ လက်နက်ကိုင်ထားသည့် အမျိုးသား တစ်ဦးမှ သေနတ်နှင့်ချိန်ပြီး ကျန်တစ်ဦးမှ ရိုက်နှက်နေသည်ကိုတွေ့ရသည်။

မဇ္ဈိမမှ ထိုဗီဒီယိုဖိုင်ကို ဗီဒီယိုများစစ်ဆေးရာတွင်အသုံးပြုသည့် Invid ဖြင့် စစ်ဆေးခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ရှမ်းဘာသာစကားဖြင့် "ငဝ်းတူင်"အမည်ရှိ ဖေ့ဘုတ်စ်ပေ့ချ်တစ်ခုမှ ထိုင်းစာဖြင့် “မူးယစ်ဆေးမှောင်ခို ရောင်းဝယ်သူများကို အပြစ်ပေးသည်” ဟု အဓိပ္ပာယ်ရသည့်စာဖြင့် ရေးသားပြီးဖော်ပြထားသည့် ဗီဒီယို ဖြစ်သည်။ လင့် - https://bit.ly/3QUxoGD

အလားတူ သတင်းတုကို "မြန်မာ့သွေး" ဟူသည့် ဖေ့စ်ဘုတ်အကောင့်မှ " Non CDM ဝန်ထမ်းဆရာမကို PDF က လည်ပင်းကြိုးချည် အနိုင်ကျင့်နှိပ်စက်နေတာပါ၊ လက်နက်အားကိုးနှင့် မိုက်ရိုင်းစော်ကား နေ တာ”ဟု ရေးသားကာ ယခုနှစ် ဖေဖော်ဝါရီလကဖြန့်ဝေခဲ့ပြီး မဇ္ဈိမမှ သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြ ခဲ့ပြီးဖြစ်သည်။ သတင်းလင့် - https://bit.ly/3pMcBJr PDF တပ်ဖွဲ့ဝင်များ မပေါ်ပေါက်သေးသည့် ၂၀၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့သည့်ဖြစ်စဉ်ကို PDF များမှ Non-CDMဆရာမကို ရိုက်နှက်နေသည်ဟု လုပ်ကြံပုံဖျက်ထားသည့် သတင်းတုသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

#MisinformationBuster

#ဗီဒီယိုဖိုင်အဟောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly