ဩဂုတ် ၂၄
မဲဆောက်(မဇ္ဈိမ)။ ။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲဝင်မဖြေသူများအတွက် လာမည့် ၂၀၂၃ ခုနှစ်တွင် စာမေးပွဲနောက်တစ်ကြိမ် ပြန်ဖြေရန်အတွက် လျှောက်ထား နိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများက ထုတ်ပြန်ထားသည်။
ယခုတစ်ကြိမ်ပြုလုပ်သည့် စာမေးပွဲမှာ တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းများအတွက် နောက်ဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း စစ်ကောင်စီကပြီးခဲ့သည့် ဇွန်လ အောင်စာရင်းထုတ်ပြန်စဉ်က ကြေညာထားခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီက ထပ်မံကျင်းပမည့် စာမေးပွဲနှင့်ပတ်သက်ပြီး “ကလေးတွေရဲ့ ပညာရေးကတော့ သူတို့ဘာသာ ရွေးပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ အမှန်တရားတို့ ဘာတို့နဲ့ယှဉ်လာရင်တော့ သူတို့ဘာသာသူတို့ဆုံးဖြတ်ပါစေ” ဟု CDMပြုလုပ်လာသည့် ကျောင်းဆရာတစ်ဦးက ဆိုသည်။
စာမေးပွဲပြန်လည် ဖြေဆိုခွင့်အတွက် လျှောက်လွှာများကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်ထားနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။
စာမေးပွဲပြန်ဖြေဆိုခွင့်အတွက် လျှောက်လွှာတစ်စောင်ကို ၂၀၀ ကျပ်နှုန်းဖြင့် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း ၇၀၀ကျပ် ကျသင့်မည်ဖြစ်ပြီး နေပြည်တော် စာစစ်ဌာနနှင့် ရန်ကုန်၊ လှိုင်တက္ကသိုလ်နယ်မြေ စာစစ်ဌာနတို့တွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၂ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြန်လည်ပြုလုပ်ခဲ့သည်။
အဆိုပါ စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူ ၂၈၁,၇၅၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုသူများအနက် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၃၂,၀၇၇ ဦး အောင်မြင်ခဲ့သည်။
အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူဦးရေ ၉၀၀,၀၀၀ (ကိုးသိန်း) ကျော် ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင်မူ ဦးရေ ၂၀၀,၀၀၀ (နှစ်သိန်း) ကျော်သာ ရှိခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ ယန္တရား ပုံမှန်အတိုင်း လည်ပတ်မှုမရှိစေရန် ဆရာ၊ ဆရာမများက CDMပြုလုပ်ခဲ့ကြပြီး ကျောင်းသားကျောင်းသူ များကလည်း စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကာ CDMပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး