ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ စီးနင်းလာသည့်မော်တော်ယာဉ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ ပစ်ခတ်၊ ၆ ဦးသေဆုံး ၁ ဦး ဒဏ်ရာပြင်းထန်

By စိုင်းခန့်
23 August 2022
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ စီးနင်းလာသည့်မော်တော်ယာဉ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ ပစ်ခတ်၊ ၆ ဦးသေဆုံး ၁ ဦး ဒဏ်ရာပြင်းထန်

ဩဂုတ် ၂၃

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များစီးနင်းလာသည့် မော်တော် ယာဉ် ပစ်ခတ်ခံရပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ခြောက်ဦးသေဆုံးခဲ့သည်။

သြဂုတ်လ ၂၂ ရက်နေ့၊ ညနေပိုင်းက တွံတေးမြို့ပေါ်တွင် အစည်းအဝေးတက်ပြီးပြန်လာသည့် ဇီးဖြူကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ စီးနင်းလာသည့်မော်တော်ယာဉ်ကို ဇီးဖြူကုန်းကျေးရွာအနီးရှိ မြကန်သာ၊ သဝန်းတောလမ်းဆုံတွင် ပြောက်ကျားတပ်ဖွဲ့က စောင့်ဆိုင်းပစ် ခတ်ခဲ့ခြင်း ဖြစ်သည်။

“သူတို့ကို စာထုတ်သတိပေးထားခဲ့တဲ့ကြားကနေ ဆိုးရွားစွာ ကျေးရွာနေပြည်သူတွေ ဖမ်းဆီးခံရအောင် လုပ်နေလို့ အရေးယူရတာပါ။ အရေးယူခဲ့တဲ့သူတွေဟာ ဇီးဖြူကုန်းကျေးရွာမှာ စစ်ကောင်စီက ဆက်လက် ခန့်ထားတဲ့အုပ်စုထဲက တစိတ်တပိုင်း ဖြစ်ပါတယ်။ ဆက်လက်ဆိုးရွားနေတဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ထောက်တိုင်တွေ ကျန်ပါသေးတယ်။

အခုလို အရေးယူမှုက ကျန်တဲ့သူတွေရဲ့ လုပ်ရပ်တွေကို ရပ်တန့်စေဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ မလွဲမရှောင်သာ အရေးယူရပါလိမ့်မယ်” ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး)မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ပြောက်ကျားတပ်ဖွဲ့၏ပစ်ခတ်မှုအတွင်း မော်တော်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် တွံတေးမြို့ ဇီးဖြူကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ခင်ညွှန့်၊ ရာအိမ်မှူး အေးမြင့်၊ ရာအိမ်မှူး သန်းထွေး(ခ)ဗေဒါ၊ ဆယ်အိမ်မှူး ဝင်းဇော်(ခ)မိုးထိ၊ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် ဘိုဘိုနှင့် မော်တော်ယာဉ်မောင်းနှင်သူ အပါ အဝင် ခြောက်ဦးသေဆုံးခဲ့ပြီး ဆယ်အိမ်မှူးဆန်းလွင်(ခ)ဂျပန်ကော့မှာ ပြင်းထန် ဒါဏ်ရာရရှိခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလာ သည့် မော်တော်ယာဉ်ပစ်ခတ်ခံရမှုအတွင်း ယာဉ်မောင်းဖြစ်သူနှင့် လမ်းဘေးတွင်ရှိနေသည့် သုံးဘီးအငှား ယာဉ်မောင်းတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ထုတ်ပြန်မှုများရှိခဲ့သည်။

“ သုံးဘီးသမားနာမည်က ဘိုဘိုပါ။ သူကိုယ်တိုင်ကလည်း ဇီးဖြူကုန်းမှာတပ်စွဲထားတဲ့ စစ်ခွေးတွေကို ကျွေးမွေးနေတဲ့ကောင်ပါ။ ကားသမားကတော့ အုပ်ကြီးခင်ညွန့်ကိုယ်တိုင်ခေါ်ယူလာတဲ့ လက်ပါးစေပါ။ မြေပြင်အန္တရာယ်နဲ့ လှုပ်ရှားဆောင်ရွက်ရတဲ့အခါမှာ ပြည်သူတွေကိုမထိခိုက်အောင် ကြိုးစားဆောင်ရွက် ရပါတယ်။ အခုလည်း အပြစ်မဲ့ပြည်သူတွေကို မထိခိုက်အောင်ဆောင်ရွက်နိုင်ခဲ့ကြပါတယ်” ဟု ပြောက် ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က တွံတေးမြို့အဝင်အထွက်နေရာများတွင် လုံခြုံရေး အင်အားအများအပြားဖြင့် ပိတ်ဆို့စစ်ဆေးခြင်းများပြုလုပ်ခဲ့သည့်အပြင် တွံတေးမြို့အတွင်းကိုလည်း အိမ်စီးကားများဖြင့် လှည့်လည်စစ်ဆေးခြင်းများ ရှိခဲ့သည်။

သို့သော် ပစ်ခတ်ရှင်းလင်းမှုကိုလုပ်ဆောင်ခဲ့သည့် မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး)မှ ရဲဘော်များ အထိ အခိုက် တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြောက်ကျားတပ်ဖွဲ့၏ ရှင်းလင်းခြင်းခံလိုက်ရသည့် ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် စစ်တပ်အာဏာမသိမ်းခင်အချိန်ကတည်းက ဇီးဖြူကုန်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်ပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမာခံထောက်ခံကြသူများ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့သည် စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တွံတေး ခလရ တပ်ရင်း(၇၀)မှ တပ်စိတ်အားခေါ်ယူ၍ ကျေးရွာနေပြည်သူလူထုအား လက်နက်နှင့် အင်အားပြခြိမ်းခြောက်စေခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

ထို့ပြင် ဒီမိုကရေစီလိုလားသူများအား သတင်းပေးကာ ဖမ်းဆီးစေခြင်း၊ နေအိမ်များကို ချိပ်ပိတ်စေခြင်း များအပြင် ကျေးရွာနေုပြည်သူများအား ဖိနှိပ်မှုမျိုးစုံကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လုပ်ဆောင်နေမှုများကို ရပ်တန့်ရန် ပြောက်ကျားတပ်ဖွဲ့က သတိပေးစာများပေးပို့ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ၎င်းတို့အဖွဲ့ထဲမှသတင်းပေးသူတစ်ဦး၏အကူအညီဖြင့် ယခုကဲ့သို့ရှင်းလင်း အရေးယူလိုက်ခြင်းဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး)က သတင်းထုတ်ပြန်ထားသည်။

“ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီနဲ့ထောက်တိုင်တွေကို ဆက်လက်အရေးယူ ဆောင်ရွက်သွားမှာပါ။ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ထောက်တိုင်တွေနဲ့ နီးကပ်စွာဆက်ဆံတာမျိုး မပြုလုပ်ကြဖို့ မေတ္တာရပ်ခံလ်ိုပါတယ်” ဟု ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

တွံတေးမြို့နယ်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန်နှင့် သတင်းပေးဒလန်များ၏ လုပ်ရပ် များကိုရပ်တန့်ရန် သတိပေးမှုများပြုလုပ်ထားခဲ့ပြီးနောက် လိုက်နာခြင်းမရှိသူများကို မြို့ပြပြောက်ကျား တပ်ဖွဲ့(တွံတေး)က တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် တွံတေးမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ စစ်အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူများနှင့် မြေအောက်တော်လှန်ရေးရဲဘော်များကို ပိုက်စိပ်တိုက် လိုက်လံရှာဖွေမှုများ ပြုလုပ်နေ ပြီး ဖမ်းဆီးခံရမှုများလည်းရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့အပြင် တွံတေးမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ထားခြင်းအပြင် စစ်ကောင်စီတပ်က လုံခြုံ ရေးအင်အားများစွာဖြင့် စစ်ဆေးမှုများလုပ်ဆောင်ကာ ပြည်သူများအား ဖိနှိပ်လျက်ရှိသည်။

ထိုသို့ တွံတေးမြို့ကို စစ်ကောင်စီတပ်က လုံခြုံရေးအင်အားများစွာဖြင့် တင်းကျပ်ထားသော်လည်း မြို့ပြ ပြောက်ကျားတပ်ဖွဲ့(တွံတေး)က ဇီးဖြုကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ပစ်ခတ်ရှင်းလင်းအရေး ယူမှုလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ

#တွံတေးမြို့နယ်

#မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)

#ကျေးရွာအုပ်ချုပ်ရေးမှူး

#ပစ်ခတ်ရှင်းလင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly