၈၈၈၈ နှင့် နွေဦးတော်လှန်ရေးအကြောင်း NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်း နှင့် ဆက်သွယ်မေးမြန်းချက်

By မိုးသောက်
08 August 2022
၈၈၈၈ နှင့် နွေဦးတော်လှန်ရေးအကြောင်း NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်း နှင့် ဆက်သွယ်မေးမြန်းချက်

မဲဆောက်(မဇ္ဈိမ)

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး (၃၄) နှစ်မြောက် ရှိလာပြီဖြစ်သည်။ ရှစ်လေးလုံးကာလတွင် ကိုယ် တိုင်ကိုယ်ကျပါဝင်ခဲ့သူတစ်ဦးလည်းဖြစ် လက်ရှိနွေဦးတော်လှန်ရေးတွင်လည်း ပါဝင်နေသည့် အမျိုးသား ညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှ ဝန်ကြီးဦးအောင်မျိုးမင်းကို ရှစ်လေးလုံးနှင့် နွေဦးတော်လှန်ရေးတို့အကြား ဖြတ်သန်းမှုများနှင့် ကွာခြားမှုများ အကြောင်းကို မေးမြန်းထားသည်။

မေး။ ။ ရှစ်လေးလုံးအရေးတော်ပုံကြီးအကြောင်း ဆရာတို့ ကြုံတွေ့ခဲ့ရသလောက် အကျဉ်းချုံးလေး ပြောပြပေးပါ။

ဖြေ။ ။ ရှစ်လေးလုံးအရေးတော်ပုံက ကျနော်တို့ တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ဖြစ်ပါတယ်။ စ စချင်းတုန်းကတော့၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ စခဲ့ပေမယ့်၊ နောက်ပိုင်းမှာ တော့ တစ်တိုင်းပြည်လုံး အကုန်လုံးပါဝင်ပြီးတော့ အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တယ်။ အစိုးရ ပြောင်း လဲမှုတွေဖြစ်ခဲ့တယ်။ ဒါပေမယ့် သြဂုတ် ၈ ရက်နေ့မှစခဲ့တဲ့ အရေးတော်ပုံဟာ စက်တင်ဘာလ ၁၈ ရက် နေ့မှာ ထပ်မံပြီးအာဏာသိမ်းပြီးတော့၊ ကျနော်တို့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရပါတယ်။ ဒါတော့ ပြီးခဲ့တဲ့ ရှစ်လေးလုံး၊ တစ်ပါတီစနစ်ကိုဆန့်ကျင်တဲ့ ပထမဆုံး ဒီမိုကရေစီတောင်းဆိုတဲ့ မြန်မာနိုင်ငံရဲ့ အရေးတော်ပုံရဲ့ အနှစ်ချုပ်ပါဘဲ။

မေး။ ။ လက်ရှိမှာလဲ အရေးတော်ပုံ ၂၀၂၁ နဲ့ ရှစ်လေးလုံးအရေးတော်ပုံနှစ်ခုကြားမှာ ပြည်သူလူထုရဲ့ ဒီမိုကရေစီ လိလားတဲ့ဆန္ဒတွေကို ဆရာတို့အနေနဲ့ ဘယ်လိုများမြင်ရပါသလဲ။

ဖြေ။ ။ ကျနော်တို့ ရှစ်လေးလုံးပဲကြည့်ကြည့်၊ နွေဦးတော်လှန်ရေးပဲကြည့်ကြည့် ပြည်သူလူထုက ဖိနှိပ်မှုကို ဆန့်ကျင်ကြတဲ့ဆန္ဒတွေကြောင့်ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့၊ စစ်အာ ဏာရှင်ကိုဆန့်ကျင်တဲ့ စိတ်ဓာတ်ကိုအခြေခံပြီးတော့ ဖြစ်တာဖြစ်တယ်။ ဒီ ရှစ်လေးလုံးကတော့ ကျနော် တို့ ၂၆ နှစ်တိုင်ထိကိုအုပ်ချုပ်ခဲ့တဲ့ တစ်ပါတီစနစ်မှာ ပထမဦးဆုံးတောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ သမိုင်းဝင် အရေးတော်ပုံဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဒီမိုကရေစီဆိုတာကို ရအောင်တိုက်ရ မယ်၊ ဒီမိုကရေစီတိုက်ပွဲဝင်တဲ့အခါမှာ ဖိနှိပ်မှု၊ ပေးဆပ်မှုတွေရှိတယ်ဆိုတဲ့ အရာအားလုံးကိုသိခဲ့ပေမယ့်၊ အားလုံး ဆက်လက်တိုက်ပွဲဝင်ကြတာ အခုအချိန်ထိပါပဲ။ အခုဒီမှာဖြစ်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာလဲ အဲဒီကာလတုန်းကတောင်းဆိုခဲ့တဲ့ ဒီမိုကရေစီတွေကို အပြည့်အဝရရှိဖို့၊ လူ့အခွင့်အရေးကို အပြည့်အဝ ရရှိဖို့အတွက်၊ နောက်ထပ်မျိုးဆက်သစ်တစ်ခုက ဆက်လက်တိုက်ပွဲဝင်တယ်၊ မပြီးဆုံးသေးသော တိုက်ပွဲရဲ့ ရိုက်ခတ်မှုတွေလို့ပဲ ကျနော်ကပြောချင်ပါတယ်။ ကွာခြားမှုကတော့ သိပ်မရှိဘူး။ လူထုရဲ့ဆန္ဒ အပိုင်းပေါ့နော်၊ ဘယ်ကာလပဲဖြစ်ဖြစ်၊ ပြည်သူလူထုကတော့ လွတ်လပ်ချင်တယ်၊ အချုပ်အခြယ် ကင်းချင်တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရချင်တယ်။ အဲ့ဒီ စိတ်ဓာတ်ကတော့ ဘယ်ကာလ မဆို ရှိနေဦးမှာပါပဲ။ နောက်ထပ် အာဏာရှင်တွေ ထပ်ပြီးတော့ ဖိနှိပ်လို့ ရှိရင်လည်း လူသားတွေရဲ့ စိတ်ကို အခြေခံတဲ့စိတ်ဓာတ်ကတော့ အမြဲတမ်း ပြောင်းလဲမှာတော့ မဟုတ်ပါဘူး။

မေး။ ။ ရှစ်လေးလုံးမှာ ဆရာတို့က လူငယ်အနေနဲ့ပါတယ်။ ခုကာလလည်း တိုင်းပြည်ကို ဦးဆောင်တဲ့ အခန်းကဏ္ဍကပါတယ်၊တော်လှန်ရေးကို ဦးဆောင်ပြီးတော့ပါတယ်။ ဒီကာလနှစ်ခုမှာ စစ်တပ်ရဲ့ ရက်စက် မှုတွေကို နှိုင်းယှဉ်ပြပါဦး ဆရာ။

ဖြေ။ ။ ဒီတော်လှန်ရေးကာလနှစ်ခုပေါ့နော်၊ ၈၈ အရေးတော်ပုံနဲ့ နွေဦးတော်လှန်ရေးကို နှိုင်းယှဥ်တဲ့ အခါမှာ အကြမ်းဖက်ပြီး အာဏာသိမ်းပိုက်တာချင်းအတူတူ၊ ဒီနွေဦးတော်လှန်ရေး ၂၀၂၁ ကာလအပိုင်း ကတော့ ပိုပြီးတော့ဆိုးရွားတယ်လို့ ပြောလို့ရတယ်၊ ပိုပြီးတော့ ရက်စက်၊ ယုတ်မာတယ်လို့ ပြောလို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ ရှစ်လေးလုံးတုန်းက ကျနော်တို့ အပစ်ခတ်လည်းကွာတယ်၊ ပစ်ခတ်တဲ့ နေရာမှာ လမ်းပေါ်က ဆန္ဒပြတဲ့သူကို ပစ်ခတ်တယ်။ အဲဒီနောက်ပိုင်းမှာ ဆက်လက်ပြီးတော့ ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေကို အဓိကပစ်မှတ်ထားပြီးတော့ ဖမ်းဆီးပြီးနှိပ်စက်တာ ရှိပါတယ်။ ဒါ့ကြောင့်မို့လို့ ကျနော်တို့ အဲဒီအချိန်တုန်းကဆိုလို့ရင်တော့ ဒီပြည်သူလူထုက လူငယ်တွေက အထူးသဖြင့် လူငယ် တွေက ထောင်ထဲရောက်သွားတဲ့သူနဲ့ တောထဲကိုထွက်သွားတဲ့သူတွေ၊ ဒါတွေပဲရှိတယ်။ အခု နွေဦး တော်လှန်ရေးမှာတော့ ဒီအကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်က ပိုပြီးတော့ လူမဆန်တဲ့ဟာမျိုးဖြစ်လာ တယ်။ ဆန္ဒပြတဲ့သူတွေကို ဖြိုခွဲနှိမ်နင်းပြီးတော့၊ တားဆီးရုံမကဘူး၊ ကျနော်တို့ အခုဆိုရင် ဆန္ဒပြပွဲထဲ အဓိကဆန့်ကျင်တဲ့သူတွမဟုတ်တဲ့ အရပ်သားတွေကိုတောင်မှ ပိုပြီးတော့ အကြမ်းဖက်တာမျိုး တွေ့လာ ရတယ်။ အရင်တုန်းက ပင်နီဝတ်တာ၊ အဖြူ၊ အစိမ်းဝတ်တာလုပ်တဲ့သူကို ရန်သူလို့ သတ်မှတ်ပြီးတော့ နှိမ်နင်းခဲ့တာ၊ ဒါနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်ပြီးတော့၊ ရက်စက်ခဲ့တာ ရှိပေမယ့်။ အခုကျတော့ ဒီစစ်ကောင်စီက သူတို့နဲ့မတူတဲ့သူ ပြည်သူလူထုအားလုံးကို ရန်သူလို့သတ်မှတ်ပြီးတော့ လုပ်ဆောင်ခဲ့ တယ်ပုံစံမျိုး ဖြစ်တယ်။ သူတို့ကို ဆန့်ကျင်လား၊ မဆန့်ကျင်လား မသိဘူး ။ အကုန်လုံး တွေ့သမျှလူ ရန်သူလို့ သတ်မှတ်ပြီးတော့ ၊ တွေ့သမျှအိမ်မီးရှို့ ၊ ရွာတွေအားလုံးကို မီးရှို့ဖျက်ဆီးပြီး သတ်ဖြတ်တာ မျိုးတွေ။ နိုင်ငံရေးတို့၊ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ မပါတဲ့သူတွေတောင်မှ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပုံက ဒီကာလမှာ အတော်ကြီးဆိုးသွားပါပြီ။ အဲ့ဒါကြောင့်မို့လို့ ဒီနွေဦးတော်လှန်ရေးမှာ တက်ကြွလှုပ်ရှားသူမကဘဲနဲ့ ကိုယ့်ရဲ့နယ်မြေမှာ၊ ကိုယ့်ရဲ့ အိမ်ထဲမှာနေပြီးတော့ နေထိုင်တဲ့ အရပ်သား ပြည်သူတွေအထိ သက်ရောက်မှုတွေ ဖြစ်ပါတယ်။ နောက် သတ်ဖြတ်မှုတွေက သာမန်လူ့အခွင့်အရေး ချိုးဖောက်မှုတင်မကဘဲနဲ့ ကမ္ဘာကအဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ လူသားမျိုးနွယ်တွေကို ထိခိုက်စေတဲ့၊ အစု လိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ စစ်ပွဲအတွင်းမှာ ကလေးတွေ၊ အရပ်သားတွေ အများကြီးကို ထိခိုက် စေတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေအထိ အဲဒီလောက်ထိကို မြောက်သွားပါပြီ။ ဒါက တော်တော်ကြီး ဆိုးရွားသွားတဲ့အခြေအနေလို့ ပြောလို့ရပါတယ်။

မေး။ ၊၊ ရှစ်လေးလုံး အရေးတော်ပုံမှာလက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့တဲ့ လူငယ်တွေရှိတယ်။ အခုလည်း ရွေးချယ်နေတုန်းပေါ့ါခင်ဗျ။ ဆရာတို့ တုန်းထက်ကစာလို့ရှိရင် အခုလူငယ်တွေက ဘာတွေ အားကောင်းလာလဲ၊ ဘာတွေ ကွာခြားချက်ရှိလဲ၊ အဲဒါလေးလဲ ပြောပြပါဦးဆရာ။

ဖြေ။ ။ ဖိနှိပ်မှုရှိတဲ့အတွက် ဖိနှိပ်မှုကို တွန်းလှန်ဖို့နည်လမ်းတွေ အများကြီးရွေးကြပါတယ်။ ဒီနွေဦး တော်လှန်ရေးမှာတော့ ပိုပြီးတော့ နည်းလမ်းစုံလာတာပေ့ါ။ CDM လှုပ်ရှားမှုတွေက အားကောင်းတယ်၊ တစ်ချိန်တည်းမှာပင် ဂိမ်းဆော့ရင်း၊ ကလစ်လုပ်ရင်းနဲ့ထောက်ပံ့တဲ့၊ ထောက်ပို့ရေးကိစ္စတွေလဲ အများ ကြီးပဲ။ လက်နက်ကိုင်ပြီးတော့ ဆန့်ကျင်တဲ့လှုပ်ရှားမှုကလည်း ရှိနေတုန်းပါဘဲ။ အဲဒီတော့ ဒါတွေက လူငယ်တွေဆိုတော့ ကျနော်တို့ ပြန်ပြီးတော့ လက်စားချေချင်တာရယ်၊ ပြန်ပြီးတော့ တွန်းလှန်ချင်တာရယ်၊ နောက်တခါ ဒီလောက်ထိ ရက်စက်တဲ့ အကြမ်း ဖက်စစ်ကောင်စီကိုသွားပြီးတာ့ ရွှေပြည်အေးတရားဟောလို့ မရဘူး၊ ပြန်ပြီးတော့တိုက်ခိုက်မယ်ဆိုတဲ့ စိတ်ထားကတော့ လူငယ်တွေမှာ ရှိလှပါတယ်။ ကျနော်တို့ ရှစ်လေးလုံးမှာပါခဲ့တဲ့သူတွေကလည်း အဲဒီအတိုင်းပဲ တောခိုလာခဲ့ကြတာ ဖြစ် တယ်။ ကွာခြားမှုကတော့ တော်တော်ကြီးကွာခြားပါတယ်။ ကွာခြားမှုကတော့ ကျနော်တို့တုန်းကဆိုရင် တကယ့်တောထဲမှာ ဘာမှ မရှိဘဲနဲ့၊ အစ အဆုံး ကိုယ့်ဘဝကိုယ် ဖြတ်သန်းခဲ့ရတဲ့ အနေအထားမျိုးရှိတယ်။ အခု ဒီအချိန်မှာတော့ သူတို့အနေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေမကဘဲနဲ့ ကိုယ့်တပ်စခန်းနဲ့ ကိုယ်၊ ကိုယ့်ရဲ့တပ်ဖွဲ့ဆိုတဲ့ ပုံစံမျိုးနဲ့ စုဖွဲ့နေရတဲ့ အနေအထားမျိုးရှိတယ်။ အဲ့တော့ တချို့တွေကတော့ တိုင်းရင်းသား အဖွဲ့တွေရဲ့အောက်၊ တချို့တွေကတော့ PDF အဖွဲ့၊ တချို့တွေကတော့ ကိုယ့်ဟာကို သီးသန့်ဖွဲ့စည်းတဲ့ အောက်ပုံစံမျိုးနဲ့ရှိကြတာ၊ ဒါက ထူးခြားချက်ပါ။ နောက်ထောက်ပို့မှုက ကွာတယ်၊ ထောက်ပို့မှု ကွာတယ်ဆိုတာက ကျနော်တို့တုန်းက တောကြီးထဲမှာ ဘယ်သူမှ အဆက်အသွယ်မရဘဲနဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပံ့မှုမျိုးတွေ ရှိတယ်။ ခုကျတော့ အကုန်ုလုံး Click လုပ်ပြီးတော့၊ ဒီ Campaign အမျိုးမျိုး၊ လှုပ်ရှားမှု အမျိုးမျိုးနဲ့ ကူညီတာ၊ နောက်တခါ တပ်ရင်း၊ တပ်ဖွဲ့အလိုက် နီးစပ်ရာကူညီတဲ့ ထောက်ပို့မှုကတော့ အရမ်း အားကောင်းတာ တွေ့ရပါတယ်။ ဒါကလည်း ဘာကြောင့်လဲဆိုတော့ အခုကာလမှာ ကျနော်တို့မှာ မရှိခဲ့တဲ့ မိုဘိုင်း၊ ဝိုင်ဖိုင်၊ နောက်အင်တာနက် စတဲ့ ခေတ်မှီနည်းလမ်းတွေရဲ့ ပံ့ပိုးမှုကြောင့်ပါ၊ ကျနော် တို့ဆိုရင် မိသားစုကို တောခိုတုန်းက မိသားစုကို ကိုယ်အသက်ရှင်ကြောင်းသိရဖို့ နှစ် နှစ်လောက်နေမှ အသိပေးနိုင်ပါတယ်။ အခုကျတော့ မိဘနဲ့ကလေးတွေ ဆက်သွယ်နိုင်တာ၊ နောက်တခါ အမြဲတမ်း အချိတ် အဆက်၊ အဆက်အသွယ်ရှိပြီးတော့ သာကြောင်း၊ မာကြောင်း ပြောနိုင်တယ်၊ အဲဒီကာလတုန်းက ကျနော်တို့မှာ အဲ့ဒါမရှိခဲ့တဲ့အရာဖြစ်တယ်။ ဒါပေမယ့် တောထဲမှာ နေတာဘဲဗျာ။ ဘယ်သူမှ အဆင်ပြေ တာတော့ မရှိဘူး။ အကုန်လုံး အခက်အခဲ ကြမ်းတမ်းတွေ ရင်ဆိုင်ရတာပဲ၊ ဒါကတော့ မျိုးဆက်သစ်တိုင်း၊ တက်လှမ်းခဲ့ရတဲ့ အတွေ့အကြုံ၊ ဒါကတော့ တူမှာပါ။ အဆက်အသွယ်နဲ့ ထောက်ပို့မှု အပိုင်းကတော့ အခုခေတ်ကလေးတွေက တော်တော်ကောင်းပါတယ်။

မေး။ ။ အခုလက်ရှိတော်လှန်ရေးကိုဆောင်ရွက်နေတဲ့ လူငယ်တွေ၊ အင်အားစုတွေပေါ်မှာ ဆရာ့အနေနဲ့ မျိုးဆက်ဟောင်း အနေနဲ့ရော ဘာများ အကြံပြုချင်တာများ ရှိပါသလဲ။

ဖြေ။ ။ လူငယ်တွေ တာဝန်ကျေကြပါတယ်။ ပြည်သူတွေ တာဝန်ကျေကြပါတယ်။ ကျနော်တို့ ရည်မှန်းထားတဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီကို သွားဖို့အတွက် လမ်းကြောင်းကို ၊ အကြမ်းဖက် ပြီးတော့ တားဆီးနေတဲ့၊ အာဏာရှင် ဆန့်ကျင်ရမယ်ဆိုတဲ့ စိတ်ဓာတ်က ဒီလူငယ်၊ ပြည်သူတွေ ကြားထဲ မှာ ရှိကြတာ တွေ့ရတဲ့အတွက် အများကြီး ဝမ်းသာတယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ ဒါပေမယ့် ကျနော် တို့ ဒီလိုမျိုး ဖြတ်သန်းမှုဆိုတဲ့ဟာက၊ အခုအချိန်တိုင်းဆိုရင် အချိန်ကတစ်နှစ်ကျော်ကြာခဲပြီ၊ ဒါဆို အားလုံးသဘောပေါက်မှာပါ၊ လွယ်လွယ်ကူကူနဲ့ ချက်ခြင်းကြီးတော့ ဖြစ်လာမှာမဟုတ်ဘူး။ အခက်အခဲ ဖြတ်သန်းမှုတွေရှိမယ်။ ပေးဆပ်မှုတွေရှိပါမယ်။ ဒါကတော့ တော်လှန်ရေးတစ်ခုကို ဖြတ်သန်းဖို့အတွက် လုပ်တဲ့အချိန်မှာ ပေးဆပ်ရတာဖြစ်ပါတယ်၊။ နောက်တခါ ကျနော် တို့ ရင်ဆိုင်နေရတဲ့ ရန်သူက အခုမှ ဒီလိုမျိုး အကျင့်တွေကို၊ အခုမှစပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ စစ်တပ်အာဏာသိမ်းတဲ့ ၆၂ ခုနှစ် ကတည်းက သေချာ အင်အားစုတစ်ခု ထူထောင်၊ စနစ်တခု ထူထောင်၊ နောက်တခါ သူတို့ရဲ့ အင်အား တွေအားလုံးကို သေချာပြင်ဆင်ပြီးတော့ ရက်စက်ယုတ်မာတဲ့ စိတ်ဓာတ် ရှိနေတဲ့သူတွေဖြစ်ပါတယ်။ အဲဒီလိုလူတွေ၊ အဲဒီလိုမျိုး ပုံစံမျိုး၊ အဲဒီမျိုး အင်စတီကျူးရှင်းတခုကို ကျနော်တို့ ဆန်ကျင်တဲ့အချိန်မှာ ကျနော်တို့အနေနဲ့ ပါးနပ်ဖို့လိုအပ်သလို၊ စိတ်ဓာတ်မကျဖို့လည်း လိုအပ်တယ်။ အလှမ်းကျယ်ပြီး အလယ်မလပ်ဖို့လည်း လိုအပ်ပါတယ်။ ကျနော်ပြောချင်တဲ့ဟာကတော့ ခံယူချက်နဲ့အလုပ်လုပ်ပါ၊ ခံစားချက်နဲ့ အလုပ်မလုပ်ပါနဲ့။ ခံစားချက်နဲ့လုပ်တဲ့အခါမှာ တခါတလေ ကျနော်တို့ ခံစားချက် ပြောင်းသွားပြီးတော့ စိတ်ပြောင်းသွားတတ်တာ ရှိပါတယ်။ အထူးသဖြင့် အခက်အခဲတွေ ကြုံတွေ့တဲ့ အခါမှာ သိပ်အတွေ့အကြုံမရှိတဲ့သူတွေ အနေနဲ့၊ လျော့သွားနိုင်တယ်။ ဒါပေမယ့် ကျနော်တို့ ခံယူချက် ငါတို့တိုက်ပွဲနိုင်ကို နိုင်ရမယ်၊ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့က ငါတို့ တိုင်းပြည်အတွက်၊ အားလုံးအတွက် လုပ်ဆောင်တယ်ဆိုတဲ့ဟာမျိုး ခံယူချက်နဲ့လုပ်ဆောင်တဲ့အခါကျတော့ အခက်အခဲကြုံလာသည့်တိုင် အောင် ခံယူချက်နဲ့ကျော်ဖြတ်နိုင်တယ်။ ကျနော်တို့စိတ်ဓာတ်ကျသည့်တိုင်အောင် ကျနော်တို့ရှေ့မှာ ကျဆုံးသွားတဲ့ သူတွေရဲ့ ဘဝအတွက် လုပ်ဆောင်မယ်ဆိုတဲ့ ခံယူချက်နဲ့ ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ နောက်တခုကတော့ ကျနော်တို့က သမိုင်းပေးတဲ့ တာဝန်ကို ဆက်လက်ပြီးတော့ ထမ်းဆောင်နေရတာပါ။ သမိုင်းရဲ့တာဝန်တွေ ထမ်းဆောင်တိုင်း၊ ထမ်းဆောင်တိုင်း သမိုင်းရဲ့ သင်ခန်းစာတွေ၊ ဒါတွေကို အခြေခံ ပြီးတော့ နောက်ထက် သမိုင်းအသစ်ကို ဘယ်လိုရေးကြမလဲ၊ တိုင်းရင်းသားတွေကြားထဲမှာ ကျနော်တို့ ဘယ်လိုနားလည်မှု တည်ဆောက်ကြမလဲ၊ ကျနော်တို့တည်ဆောက်ချင်ကြတဲ့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတွေကို အခုတည်းက ဘယ်လိုတည်ဆောက် ကြမလဲ ဆိုတာ စတင်ပြီး တော့ လုပ်ဆောင်သွားဖို့အတွက် တိုက်တွန်းလိုပါတယ်။ အားလဲ အားကိုးပါတယ်ဗျ။

မေး။ ဘယ်လို သင်ခန်းစာတွေ လက်ဆင့်ကမ်းဖို့ရှိပါသလဲ။

ဖြေ။ ။ ရှစ်လေးလုံးတို့က ကျနော်တို့ သင်ခန်းစာတခုက အာဏာသိမ်းလိုက်တယ်။ အထွေထွေရွေး ကောက်ပွဲကျင်းပမယ်ဆိုပြီးတော့ ကြေညာတယ်။ နိုင်ငံရေးပါတီတော်တော်များများကလည်း ရွေးကောက်ပွဲ လမ်းကြောင်းဝင်သွားတယ်။ အဲဒါကတော့ နိုင်ငံရေးပါတီတွေရဲ့ ရွေးချယ်မှုပေါ့။ အဲဒီ နောက်မှာဖြစ်လာတဲ့ ၉၀ ရွေးကောက်ပွဲဆိုတာဟာလည်း အဲဒီရလဒ်ကို အသိအမှတ်မပြုဘဲ၊ အာဏာ ဆက်လက်ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။ အဲဒါကို ကျနော်တို့ သတိထားဖို့ လိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ကတော့ သူတို့ လှည့်ကွက်အမျိုးမျိုးနဲ့ တော်လှန်ရေးရဲ့ လှုပ်ရှားမှုတွေ နည်းသွား အောင်၊ ရေချိန်ကိုကျသွားအောင် လုပ်ဆောင်တယ်။ အဲဒီနေရာမှာ အခုလုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ ကတိတခုပါ၊ စစ်အာဏာရှင်တွေ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ သူတို့ဘယ်လိုမှ နိုင်ငံတကာမှာ ပြောမလို့မရတဲ့ တရားဝင်မှုဆိုတဲ့၊ legitimacy ကို ရအောင်ဖန်တီးမယ့် နည်းလမ်း တစ်ခု ပဲဖြစ်ပါတယ်။ အဲ့ဒီအရာမှာ တွေဝေမှုမရှိဖို့၊ ဒီနေရာမျိုးမှာ အကြမ်းဖက်စစ်ကောင်စီ၏ အသိအမှတ် ပြုမှုကို ဘယ်လိုနည်းနဲ့မှ မပေးဘူး။ တချိန်တည်းမှာပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ် တဲ့ ငွေကြေးစီးဆင်းမှု၊ လက်နက်စီးဆင်းမှု၊ ပြည်သူလူထု ထောက်ခံမှုဆိုတဲ့ ဒီထောက်တိုင်တွေကို စနစ်တကျ ဖြိုခွဲပြီးတော့၊ ဒါကို ဖြိုဖျက်နိုင်ဖို့အတွက် လုပ်ဆောင်ပြီးမှာသာ၊ တိုက်ပွဲဝင်နေတဲ့အခါမှာ အောင်မြင်မှာဖြစ်ပါတယ်။

မေး။ ။ ရှစ်လေးလုံးအတွက် အမှတ်တရစကားလည်း ပြောပြပေးပါဦးဆရာ။

ဖြေ။ ။ ရှစ်လေးလုံးဆိုတာ ပါဝင်ခဲ့တဲ့သူတွေ ဘယ်တော့မှ မေ့မယ့်ဟာမျိုးမဟုတ်ပါဘူး။ သွေးဆူနေ တုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အသက်တွေပေးခဲ့ကြတယ်။ အခုဒီတခါ နွေဦးတော် လှန်ရေးဖြစ်လာတယ်ဆိုတဲ့အခါမျိုးကျတော့၊ ဟိုတုန်းက ပေးဆပ်ခဲ့တဲ့ လှုပ်ရှားမှုတွေထက် ပိုပြီးတော့ ကျနော်တို့ ဆင်းရဲဒုက္ခရောက်တဲ့ လူငယ်ထုတွေ၊ မျိုးဆက်သစ်တွေတွေ့ရတယ်။ အဲ့ဒီအချိန်မှာတော့ ကျနော်တို့ပြန်ပြီးတော့ အားတက်မိပါတယ်။ အဲတော့ Generation ဘယ်လိုကွာကွာ၊ Gz ဘဲပြောပြော၊ ဘာပဲပြောပြော၊ အကုန်လုံးကတော့ စစ်အာဏာရှင်စနစ်ကို လက်တွဲတွန်းလှန်မယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားမယ့်မျိုးဆက်တွေပေါင်းနိုင်မှသာ လိုအပ်ပါလိမ့်မယ်။ ပြည်သူအားလုံး ပေါင်းဖို့ လိုအပ်ပါလိမ့်မယ်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ စောဖေ

#ဆက်သွယ်မေးမြန်ချက်

#NUG

#၈လေးလုံး

#နွေဦးတော်လှန်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required