တပ်ချုပ်နှင့် ဒေါ်စုတို့ သုံးကြိမ်မြောက်တွေ့ဆုံ၊ ထာဝရငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆွေးနွေး

တပ်ချုပ်နှင့် ဒေါ်စုတို့ သုံးကြိမ်မြောက်တွေ့ဆုံ၊ ထာဝရငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆွေးနွေး
(ဓာတ်ပုံ- Senior General Min Aung Hlaing)

နေပြည်တော်(ဖေဖော်ဝါရီ ၁၇)။ ။ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်ပြီးနောက် တတိယအကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်တို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရုံးတွင် နှစ်နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။

မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီ ၄၀ မိနစ်အထိ နေပြည်တော်ရှိ ပေါင်းလောင်းရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ပြီး "တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်" ဟု တပ်မတော်က တွေ့ဆုံမှုအပြီးတွင် သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ပါဝင်သလို တပ်မတော်ဘက်မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ဆွေးနွေးကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့သည် ၂၀၁၅ ဒီဇင်ဘာ ၂ ရက်တွင် ပထမအကြိမ်၊ ယခုနှစ် ဇန်နဝါရီ ၂၅ တွင် ဒုတိယအကြိမ်တွေ့ဆုံခဲ့ပြီး ယခုအကြိမ်တွေ့ဆုံမှုသည် တတိယအကြိမ်မြောက်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly