စစ်ကိုင်းတိုင်းရှိ  ရဲဘော် ၁ ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံ၍ “ဦးလည်မသုန်” အမည်ရှိ ဇာတ်လမ်းတို Spring Archive မှ ပြသ

စစ်ကိုင်းတိုင်းရှိ  ရဲဘော် ၁ ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံ၍ “ဦးလည်မသုန်” အမည်ရှိ ဇာတ်လမ်းတို Spring Archive မှ ပြသ

ဇူလိုင် ၃၁

စစ်ကိုင်းတိုင်းရှိ ရဲဘော်တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံကာ Spring Archive ထောက်ပံ့ရေးအဖွဲ့အစည်းမှ ၎င်းတို့၏ YouTube channel တွင် “ဦးလည်မသုန်” အမည်ရှိ ဇာတ်လမ်းတိုအား ဇူလိုင်လ ၂၉ ရက်နေ့က စတင်၍ ပြသထားပြီဖြစ်သည်။

 အဆိုပါ ဇာတ်လမ်းတို ကြည့်ရှုရာမှတစ်ဆင့်ရရှိလာသည့် ဝင်ငွေအား စစ်ကိုင်းတိုင်း အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့တချို့ကို ခွဲဝေထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။

Spring Archive YouTube channel တွင် တင်ဆက်ထားသည့် “ဦးလည်မသုန်” ဇာတ်လမ်းတိုမှာ စစ်ကိုင်းတိုင်းတွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် ပြည်သူ့ ကာကွယ်ရေးတပ်သားတစ်ဦး၏ ဖြစ်ရပ်ကို အခြေခံကာ ရိုက်ကူးတင်ဆက်ထားသည့် ရင်နှင့်ဖွယ်ရာ ဇာတ်လမ်းတို တစ်ပုဒ်ဖြစ်သည်။

တော်လှန်ရေးအောင်မြင်ပြီးဆုံးသည်အထိ မဆုတ်မနစ် နောက်မတွန့်လက်မလျော့ဘဲ ဆက်သွားနေမည့် အဓိပ္ပါယ်ဖြင့် အဆိုပါဇာတ်လမ်းတိုအား “ဦးလည်မသုန်” ဟု အမည်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။

ဇာတ်လမ်း၏ ဇာတ်ဝင်ခန်းတစ်ခုတွင် ဆေးပေါ့လိပ်တစ်လိပ်ကို ရဲဘော် သုံးယောက် တစ်လှည့်စီဖွာရင်း တစ်ယောက်က "ငါရှက်လာပြီကွာ။ ခွေးတွေလာရင်ပြည်သူတွေနဲ့ အတူတူရောပြေးနေရတယ်။ ဒီထမင်းတွေစားရတာ ငါရှက်လာပြီ" ဟူ၍ လက်နက်မ ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ယောက်၏ခံစားချက်ကို ရင်ဖွင့်သလို  အခြား ရဲဘော်က "ရှက်လို့ရတယ်ကွာ၊ ဒါပေမဲ့ ငါတို့ရပ်လို့တော့မရဘူး" ဟု ပြန်ပြောပြသည့် ဇာတ်ဝင်ခန်းမှာ မြေပြင်တွင် ကာကွယ်ရေးတပ်သားများ အမှန်တကယ် ကြုံတွေ့နေရ သည့် အခြေအနေနှင့် အဖြစ်အပျက်များဖြစ်ကြောင်း သိရသည်။

ဇာတ်လမ်းတွင် “ဘာလုပ်နေလဲ…လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ…တိုက်ပွဲဝင်ဖို့၊ ဘယ်သူ့အတွက်လဲ… ပြည်သူ့အတွက်၊ ဘယ်အထိတိုက်မလဲ…အဆုံးထိတိုက်မယ်၊ ဘာစိတ်ဓာတ်လဲ…သံမဏိစိတ်ဓာတ်” ဟု ကြွေးကြော်ကာ စစ်ရေးလေ့ကျင့်နေသည့် ကာကွယ်ရေး တပ်သားများကို မြင်တွေ့ရသည်။ 

ကာကွယ်ရေး တပ်သားများသည် စစ်ရေးလေ့ကျင့်မှုများအပြင် တပ်ဖွဲ့အတွက်လိုအပ်သည့် လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရေး အတွက် လယ်ယာအငှားလုပ်ကိုင်ကာ တစ်ဖက်တစ်လှမ်းမှ ဝင်ငွေရှာဖွေနေရကြသည်ကို “ဦးလည်မသုန်” ဇာတ်လမ်းတိုတွင် ဖော်ပြထားသည်။

တနေကုန် လယ်ယာလုပ်ကိုင်မှ တပ်သား တစ်ဦး၏ဝင်ငွေမှာ ကျည်တစ်တောင့်စာ ဝင်ငွေကိုသာရရှိသော်လည်း အားမလျော့ဘဲ ကြိုးစားရုန်းကန်နေကြသည့် ပြည်သူ့ ကာကွယ်ရေး တပ်သားများ၏ စိတ်ဓာတ်နှင့်အားမာန်တို့ကို လည်း အဆိုပါဇာတ်လမ်းတိုမှတဆင့် မြင်တွေ့သိရှိနိုင်မည်ဖြစ်သည်။

ထိုကဲ့သို့ ဇာတ်ဝင်ခန်းများပါဝင်သည့် “ဦးလည်မသုန်” ဇာတ်လမ်းတို၏ ကြာချိန်မှာ ၁၇ မိနစ်ဝန်းကျင်ရှိပြီး Spring Archive YouTube channel တွင် ဝင်ရောက်ကြည့်ရှိနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်ထိ ဝင်ရောက်ကြည့်ရှုသူပေါင်း ကိုးထောင်ကျော်ရှိပြီဖြစ်သည်။

Spring Archive အဖွဲ့အစည်းသည် စစ်ကိုင်းတိုင်းအတွင်း ရဲဘော်များနှင့်အတူ အခြေချနေထိုင်ကာ YouTube မှ တစ်ဆင့် အဓိကဝင်ငွေရှာဖွေ၍ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကရင်နီပြည်နယ်ရှိ ကာကွယ်ရေးတပ်ဖွဲ့တချို့အား နိုင်ရာဝန်ထမ်း၍ ထောက်ပံ့မှုများ ပြုလုပ်နေသည့် လူငယ်အဖွဲ့အစည်း တစ်ခုဖြစ်သည်။

#Mizzima 
#စစ်ကိုင်းတိုင်း
#ကာကွယ်ရေးတပ်ဖွဲ့
#ဦးလည်မသုန်
#ဇာတ်လမ်းတို
#SpringArchiveYouTubechannel
#ကြည့်ရှု့နိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly