လပွတ္တာမြို့တွင် လျှပ်စစ်မီးဖြတ်ခံထားရသည်မှာ ၃ ရက်ဆက်တိုက်ကြာမြင့်လာ

လပွတ္တာမြို့တွင် လျှပ်စစ်မီးဖြတ်ခံထားရသည်မှာ ၃ ရက်ဆက်တိုက်ကြာမြင့်လာ

ဇူလိုင် ၂၉

ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားသည်မှာ သုံးရက်ဆက်တိုက် ကြာမြင့်နေပြီဟု ဒေသခံများထံက သိရသည်။

ဇူလိုင် ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ လပွတ္တာတစ်မြို့နယ်လုံးတွင် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့ ည ၉ နာရီအထိ လျှပ်စစ်မီးများ ပြန်လည်ရရှိခြင်း မရှိသေးကြောင်းဆိုသည်။

“ စစ်တပ်ကတပ်စွဲထားတဲ့ သာသနာ့ဗိမ္မာန်တို့ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ သူတို့လူကြီးပိုင်းတွေနေတဲ့ အိမ်တွေကမီးလာတယ်။ ပြည်သူတွေရှိတဲ့နေရာတွေပဲ မလာတာ။ သုံးရက်ဆက်တိုက်ရှိနေပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။

လျှပ်စစ်မီး ဆက်တိုက်ပြတ်တောက်နေမှုကြောင့် ပြည်သူများအနေဖြင့် လျှပ်စစ်မီးအသုံးပြု လုပ်ဆောင်ရသည့်လုပ်ငန်းများ၊ အရောင်းအဝယ်လုပ်ငန်းအချို့ပါ ရပ်ဆိုင်းလာသည့်အပြင် လက်ကိုင်ဖုန်းများအားသွင်းနိုင်ရန်လည်း ငွေကြေးပေးဆောင်နေရကြောင်း သိရသည်။

“ အရင်က တစ်နေ့ကို ၅ နာရီလောက်လာတယ်။ အခုက လုံးဝကိုမလာတော့တာ။ မီးစက်မောင်းပြီး ဖုန်းတစ်ခါအားသွင်း ၅၀၀ ဆိုတာကို သွားသွင်းရတယ်။ အဝတ်တွေမီးပူတိုက်ဖို့ဆို မီးသွေးမီးဖိုရှိသူတွေဆီက လိုက်ငှါးရတယ်။ ဆီစျေးကြီးတယ်ဆိုပြီး မိတ္တူဆိုင်လိုမျိုးကပိတ်ထားပြီ။ ပြည်သူတွေကို တမင်မီးမပေးတာ ”ဟု ဒေသခံက ဆက်လက်ပြောကြားသည်။

လျှပ်စစ်မီးမရရှိခြင်း၏နောက်ဆက်တွဲအဖြစ် အသေးစားဆန်စက်များ၊ ရေသန့်စက်ရုံများ၊ ရေခဲထုတ်စက်ရုံများနှင့် ရေထွက်ကုန်အသေးစားအအေးခန်းလုပ်ငန်းများမှာလည်း ရပ်တန့်ထားရကြောင်း သိရသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီဘက်မှ လပွတ္တာမြို့နယ်အတွင်း မည်သည့်အတွက်ကြောင့် လျှပ်စစ်မီးများဖြတ်တောက်ထားသည်ကိုမူ မသိရကြောင်းလည်းဒေသခံများကဆိုသည်။

#လပွတ္တာမြို့

#လျှပ်စစ်မီး

#ဖုန်းအားသွင်း

#လုပ်ငန်းများ

#အရောင်းအဝယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required