အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၅ ဦး သေဆုံး

အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၅ ဦး သေဆုံး

ဇူလိုင် ၂၅

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကျောက်ပျောက်ရွာနှင့် ဇီးပင်လယ်ရွာအကြားတွင် စစ်ကောင်စီတပ် အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ငါးဉီးခန့်သေဆုံးပြီး ရှစ်ဉီးခန့် ဒဏ်ရာရရှိသွားကြောင်း Danger Force LPDF က ဇူလိုင်လ ၂၅ ရက် ယနေ့ ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၅၆ မိနစ်အချိန်တွင် အရာတော်မြို့နယ် ဇီးပင်လယ်ရွာသို့ စစ်ကြောင်း ထိုးရန် ကားနှစ်စီးဖြင့်ထွက်လာကြောင်းသတင်းများအရ စောင့်ဆိုင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။

စစ်ကောင်စီကားနှစ်စီးအား စလစ်မိုင်း ငါးလုံး၊ တူမီးရှေ့ထွက်ကြီးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ကားတစ်စီး မှာ မှန်များကွဲ၍ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးခဲ့၍ ၎င်းတို့အား နာရေးကား တစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအား Danger Force LPDF မှဦးဆောင်၍ MRTF တပ်ဖွဲ့၊ BRTF တပ်ဖွဲ့၊ Ayadaw Bone Naing (ABN-PDF)၊ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Falcon Force (AF2)၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့ စသည့်မဟာမိတ်အဖွဲ့များမှပူးပေါင်း တိုက်ခိုက်ခဲ့ ကြောင်း ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်များသည် ဇီးပင်လယ်ရွာသို့ လက်နက်ကြီးငယ်များ ဖြင့်ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တစ်လုံးကိုမီးရှို့ဖျက်ဆီးသွားကာ နေအိမ်အများအပြားအား မွှေနောက်၍ ပစ္စည်းအချို့အား ယူဆောင်သွားကြောင်း ဖော်ပြထားသည်။

မေလ ၂ ရက်မှ ဇွန်လ ၁၃ ရက်အထိ အရာတော်မြို့နယ်အတွင်း ကျေးရွာရှစ်ရွာမှ လူနေအိမ် ၈၂၃ လုံးကို စစ်ကောင်စီတပ်မှမီးရှို့ဖျက်ဆီးခဲ့ကြောင်း အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ ၂၃ ရက်က “အကြမ်းဖက်စစ်ကောင်စီ၏ ရာဇဝတ်မှုမှတ်တမ်း” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ထားသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#အရာတော်မြို့နယ်

#မိုင်းဆွဲတိုက်ခိုက်ခံရ

#စစ်ကောင်စီတပ်

#ငါးဦးသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly