မင်းတပ်မြို့နယ်အတွင်း တင်ဒါလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုတော့မည်မဟုတ်ဟုဆို

မင်းတပ်မြို့နယ်အတွင်း တင်ဒါလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုတော့မည်မဟုတ်ဟုဆို

ဇူလိုင် ၂၂

မင်းတပ်မြို့နယ်၊ ကျေးရွာများအတွင်းထိ စစ်ကောင်စီတပ်များ လျှို့ဝှက်စိမ့်ဝင်လာနိုင်‌ခြေရှိ၍ လုံခြုံရေးအရ တင်ဒါလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုတော့မည်မဟုတ်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီက ဘတ်ဂျက်ချပေးသည့် မည်သည့်လုပ်ငန်း၊ မည်သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းကိုမှ ဆောင်ရွက်ခွင့်ပြုမည်မဟုတ်ကြောင်း အမိန့်ကြေညာတစ်စောင်ကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

မင်းတပ်မြို့နယ်အတွင်း ပြည်သူလူထုအကျိုးအား ထောက်ရှု၍ တင်ဒါအောင်မြင်သော ဒေသခံကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုသော ကြေညာချက်ကို ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ဖူးသည်။

သို့သော် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF – Mindat တို့ပြန်လည်ဆွေးနွေးညှိနှိုင်းပြီးနောက် တင်ဒါလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဇူလိုင် ၂၁ ရက် တွင် ထပ်မံ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် သဘောသက်ရောက်ခြင်း၊ လုံခြုံရေးအမြင်အရ အကြမ်းဖက်စစ်ကောင်စီက လျှို့ဝှက်စိမ့်ဝင်လာနိုင်ခြင်းတို့ကို ပြန်လည်စီစစ်သုံးသပ်ရ ကြောင်းဆိုသည်။

သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်ကောင်စီက ဘတ်ဂျက်ချမှတ်သည့်လုပ်ငန်းများကို မည်သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းကိုမှ ဆောင်ရွက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ဇူလိုင်လ ၁၉ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ကြေညာချက်ကိုလည်း ယခုထုတ်ပြန်လိုက် သော အမိန့်ကြေညာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်းဖော်ပြပါရှိသည်။

#မင်းတပ်

#စစ်ကောင်စီ

#တင်ဒါလုပ်ငန်း

#ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

#CDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly