မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦး ဖမ်းဆီးရမိပြီး သေဆုံးဒဏ်ရာရသူ များပြား ၊ လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆို

မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦး ဖမ်းဆီးရမိပြီး သေဆုံးဒဏ်ရာရသူ များပြား ၊ လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆို

ဇူလိုင် ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ဦး ဖမ်းဆီးရမိပြီး သေဆုံးဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉နာရီခန့်တွင် မောင်တောမြို့နယ်၊ ဆောင်ပညာ ကျေးရွာနှင့် စံကားပင်ရင်း (ရခိုင်) ကျေးရွာကြားတွင် တစ်ကြိမ်၊ နံနက် ၁၀နာရီ ၃၀ မိနစ်တွင် ဒုံး(မွတ်ဆလင်ကျေးရွာ)နှင့် ဝက်ကျိန်းကျေးရွာ ကြားတွင် တစ်ကြိမ် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ် အပါအဝင် စစ်ကောင်စီ၏ နယ်ခြားစောင့် ရဲတပ်ဖွဲဝင်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲသည် AA အနေဖြင့် စစ်ကောင်စီကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု AA ၏ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဆိုသည်။

“တိုက်ပွဲဖြစ်ပွားတာ မှန်ပါတယ်။ ဘာကြောင့်ဖြစ်ရသလဲဆိုရင် ကရင်ပြည်ဘက်မှာ ကျွန်တော်တို့ ရက္ခိုင့်တပ်တော် တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲနဲ့ ရည်ရွယ်ချက်ရှိရှိ တမင်တကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ ရဲဘော်တွေ ကျဆုံးခဲ့တယ်။ အဲဒီအတွက် ကျွန်တော်တို့ လက်တုံ့ပြန်တာ ဖြစ်ပါတယ်”ဟု ခိုင်သုခက Arakan Princess Media တွင် ဖြေကြားထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းတပ်မှ သေဆုံးသူ ကိုးဦးခန့်နှင့် ဒဏ်ရာရရှိသူ တချို့ပါဝင်နေသည်ကို Arakan Princess Media ၏ ရုပ်သံမှတ်တမ်းမှ တစ်ဆင့် တွေ့မြင်ရသည်။

ထို့ပြင် လက်နက်ချ အညံ့ခံသည့် ရဲမှူးတစ်ဦး အပါအဝင် သုံ့ပန်းစုစုပေါင်း ၁၄ ဦး ၊ ပစ္စတို သေနတ် နှစ်လက်၊ လက်နက်ငယ် ၂၅ လက် အပါအဝင် လက်နက်ခဲယမ်း အများအပြားနှင့် စစ်အသုံးအဆောင် ပစ္စည်းအချို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်က KNLA တပ်မဟာ (၅) ဧရိယာအတွင်းရှိ AA တပ် စခန်းတစ်ခုအား ဂျက်တိုက်လေယာဥ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် AA တပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိ သူများရှိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ ကျဆုံးခဲ့သည့် အတွက် စစ်ကောင်စီတပ်အား လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက သတင်းမီဒီယာများကို ဖြေကြားထားပြီး ဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်ရှိ နေရာအများအပြားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီ၏ တောင်ပြိုလက်ယာ နခခ (၆) ၊ ကြိမ်ချောင်း နခခ (၇) ၊ မင်္ဂလာညွန့် ရဲကင်းစခန်း၊ ထရိန်း ရဲကင်းစခန်း နှင့် အခြားသော နေရာအချို့မှ လက်နက်ကြီးများဖြင့် ယမန်နေ့ ညနေ ၆နာရီအထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများက မဇ္ဈိမ ကို ဖြေကြားသည်။

#Mizzima

#ရခိုင်ပြည်နယ်

#မောင်တောတိုက်ပွဲ

#စစ်ကောင်စီတပ်

#သေဆုံးဒဏ်ရာရများပြား

#၁၄ဦးဖမ်းဆီးရမိ

#ရက္ခိုင့်တပ်တော်(AA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required