အာဇာနည်ဗိမာန်ကို ဒေါ်အောင်ဆန်းစုကြည် မရောက်နိုင်တော့(ဆောင်းပါး)

အာဇာနည်ဗိမာန်ကို ဒေါ်အောင်ဆန်းစုကြည် မရောက်နိုင်တော့(ဆောင်းပါး)

ဇူလိုင် ၁၉

လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၅နှစ်မြောက် အာဇာနည်နေ့မှာလည်း အာဇာနည်ဗိမာန်ကို တက်ရောက်ဂါရဝပြုခွင့်မရခဲ့ပြန်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် စစ်ကောင်စီ(စစ်တပ်)ရဲ့ တစ်ကျော့ပြန်အာဏာ သိမ်းမှုအောက်မှာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကို ဂါရ၀ပြု ဦးချကန်တော့ဖို့ ဒုတိယအကြိမ်မြောက် ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။

တစ်ကျော့ပြန်အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၇၄နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကစလို့ ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ခွင့် မပေးခဲ့ပါဘူး။

အာဇာနည်တွေကို ဂါရဝပြုတဲ့ အဲ့ဒီအခမ်းအနားကို ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင်၊ ဦးရာဇတ်တို့ရဲ့ မိသားစုဝင်တွေသာ တက်ရောက်ခဲ့ပြီး သခင်မြ၊ ရဲဘော်ကိုထွေး နဲ့ ဦးဘဝင်းတို့ရဲ့မိသားစုတွေကတော့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

ထို့အတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအငယ်ဆုံးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း တက်ရောက်ခွင့် မရခဲ့ပါဘူး။ သူ့ကို အာဏာသိမ်း စစ်တပ်က မတရားဖမ်းဆီးခဲ့ပြီး စွပ်စွဲထားတဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရလို့ပဲ ဖြစ်ပါတယ်။

အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းနားတဲ့ရက် ဖြစ်နေပေမယ့် သူ့ကိုဖမ်းဆီးထားတဲ့ နေပြည်တော်က နေရာတစ်ခုမှာသာ ကုသိုလ်ပြု အမျှဝေတာတွေနဲ့သာ ဖြတ်သန်းကုန်ဆုံးစေခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပြပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ရဲ့ အဓမ္မအာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်မှာတော့ အဂတိအမှုများ အပါအဝင် အမှုပေါင်းများစွာနဲ့ နေပြည်တော် အချုပ်ထောင်ကို ရောက်ရှိနေပါတယ်။

ဒါကြောင့် ဒီနှစ်မှာလည်း သူ့ဖခင်အပါအဝင် အာဇာနည်ခေါင်းဆောင်တွေအတွက် ကောင်းမှုကုသိုလ်တွေ အမျှအတန်းပေးဝေတာတွေကို အချုပ်ထောင်အတွင်းမှာပဲ ပြုလုပ်နေရတော့မှာပါ။

တစ်ချိန်က မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကို ဖခင်ဖြစ်သူ တည်ထောင်ခဲ့တဲ့ တပ်မတော်ကပဲ အကြိမ်ကြိမ် ဖမ်းဆီးခဲ့တာ အခုဆိုရင် ငါးကြိမ်တိုင်တိုင် ရှိခဲ့ပါပြီ။

ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်ကတည်းက စတင်ပြီး လေး ကြိမ်ကြိမ်တိုင်တိုင် နေအိမ်အကျယ်ချုပ်ထား ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်ဘဝနဲ့ စုစုပေါင်း ၁၆ နှစ်နီးပါးနေထိုင်ခဲ့ရပြီး ၂၀၁၀ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီကာလတစ်လျှောက်လုံးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့ကို နေအိမ်မှာပဲ ဖြတ်သန်းရလေ့ရှိပြီး တစ်ခါတစ်ရံမှသာ အာဇာနည်ဗိမာန်သို့ သွားရောက်ခွင့်ရခဲ့ပြီး ဖခင်ဖြစ်သူကို တက်ရောက်ဂါရဝပြုခွင့် ရခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ဆက်ဆံရေးရှိခဲ့သူ NLD ပါတီ ဗဟိုကော်မတီဝင် ဦးငြိမ်းသစ်က “အကျယ်ချုပ် ကာလတစ်လျှောက်မှာ နိုင်ငံရေး တင်းမာမှုကတော့ အမြဲရှိနေတာပဲ။ တင်းမာမှုအထိုက်အလျောက် လျော့တယ်ဆိုရင် ထွက်ပြီးတော့ အလေးပြုခဲ့တယ်” လို့ ဆိုပါတယ်။

“ အကျယ်ချုပ်ကာလမှာလည်း ထွက်တဲ့ အခါကျတော့လည်း ဖခင်ကို ဂါရဝပြုခွင့်က နှစ်မိနစ်လောက်ပဲ” လို့ ဦးငြိမ်းသစ် ဆက်လက်ပြောပြပါတယ်။

အခြားနေ့ရက်တွေတိုင်းမှာ ပန်းတွေနဲ့ အမြဲဝေပြီး ပန်းပန်တတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့တိုင်းမှာ ပန်းပန်လေ့မရှိပါဘူး။

အာဇာနည်နေ့မှာ ပန်းမပန်တာ ၊ အပေါ်အကျီအဖြူနဲ့ လုံခြည်အနက်ကို ဝတ်ဆင်တာ၊ တစ်နေကုန် ဆိတ်ဆိတ်နေတာတွေဟာ ဒေါ်အောင်ဆန်းစုကြည် ပုံမှန်ဖြတ်သန်းခဲ့တဲ့ အာဇာနည်နေ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

“အရင်နေ့ဆိုရင် သူက သွက်သွက်လက်လက် ရှိတယ်ဗျ။ ကျွန်တော်တို့ အောက်မှာရှိတဲ့ သူရဲ့ရဲဘော် ရဲဘက်တွေနဲ့လည်း စကားပြောတာရှိတယ်။ အဲဒီနေ့(အာဇာနည်နေ့)ကျရင် သူ့ရဲ့ဝမ်းနည်းတဲ့ အထိမ်းအမှတ်ပေါ့။ အိမ်ပေါ်မှာပဲနေတာများတယ်” လို့ ကိုအောင်လွန်း က ပြောပါတယ်။

ကိုအောင်လွန်းဟာ ၂၀၀၃ခုနှစ် ဝန်းကျင်က တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် နေထိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

အကျယ်ချုပ်ကနေ လွတ်မြောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ ကာလလို့ ပြောနိုင်တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားတွေမှာတော့ သူဟာ နှစ်စဉ်မပြတ် တက်ရောက်ဂါရဝ ပြုနိုင်ခဲ့ပါတယ်။

လူထုထောက်ခံမှုအများဆုံး နိုင်ငံရေး ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်ခေါင်းဆောင်တွေရဲ့ စွန့်လွှတ် အနစ်နာခံခဲ့မှုတွေ သိစေဖို့ လူငယ်တွေကို လက်ဆင့်ကမ်းချင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် အာဏာကို ရယူခဲ့သူတွေကတော့ စစ်အာဏာသိမ်းမှုတစ်လျှောက် အာဇာနည် ခေါင်းဆောင်တွေရဲ့ သမိုင်းဆိုင်ရာ အရေးကြီးမှု အခန်းကဏ္ဍကို မှေးမှိန်သွားအောင် လုပ်ဆောင်ခဲ့ပါတယ်။

အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းသီချင်းတွေကို ပိတ်ပင်တာ စာရွက်စာတမ်းတွေကို သိမ်းဆည်းတာ၊ မိန့်ခွန်းတွေကို အကျယ်တဝင့် မဖော်ပြတာတွေမျိုးနဲ့ နာမည်ကို မှေးမှိန်အောင်ပြုလုပ်ခဲ့ကြတာပါ။

ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ရေရွတ်နေကြဖြစ်တဲ့ “အာဇာနည်မျိုး သေရိုးမရှိဆိုတဲ့” စကားအတိုင်း စစ်အာဏာရှင်တွေရဲ့ ရည်ရွယ်ချက်ဟာ မအောင်မြင်ခဲ့ပါဘူး။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ တရားဝင် အာဏာရလာမှုနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

အထူးသဖြင့် လွတ်လပ်ရေးဗိသုကာလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေအပါအဝင် အာဇာနည်နေ့ကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စိတ်ဝင်တစား ကျင်းပလာခဲ့ကြပါတယ်။

သိုသော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ အရာရာကို ဆိတ်သုဉ်းသွားစေခဲ့ပါတယ်။ ပြည်သူလူထုဟာ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက် ဖိနှိပ်ခံရမှုတွေကြောင့် စစ်တပ်ကို အမုန်းကြီး မုန်းနေခဲ့ပါပြီ။

အဲဒီမတိုင်ခင်ကအထိ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဖခင်ထူထောင်ခဲ့တဲ့ စစ်တပ်အပေါ် အလွန်ပျော့ပြောင်းတဲ့ သဘောထားရှိခဲ့တယ်လို့ နိုင်ငံရေး လေ့လာ သူတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ပြောတိုင်းမှာ “ဖေဖေထူထောင်ခဲ့တဲ့ တပ်မတော်”ဆိုတဲ့ စကားလုံးကို အကြိမ်ပေါင်းများစွာ သုံးစွဲခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်အပေါ်ထားတဲ့ သဘောထားကို ဒေါ်အောင်ဆန်းစုကြည်ဟာ သူအာဏာာရခဲ့တဲ့ ကာလအတွင်းမှာ တဖွဖွထုတ်ဖော် ပြောကြားခဲ့တာပါ။

“ကျွန်မတို့ တပ်မတော်ကိုလည်း professional army မျိုးဖြစ်စေချင်ပါတယ်။ ၁၉၄၀ခုနှစ် ကျွန်မ ဖေဖေ တည်ထောင်ခဲ့တုန်းက ရည်ရွယ်ခဲ့တဲ့ တပ်မတော်မျိုးဖြစ်စေချင်ပါတယ်” လို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက အင်္ဂလန်နိုင်ငံ ဆင်းဟတ် စစ်တက္ကသိုလ်မှာ မိန်းခွန်းပြောခဲ့စဉ်က ထည့်သွင်းပြောကြားခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း အဲဒီစစ်တပ်ရဲ့ အမွေကိုဆက်ခံသူ လက်ရှိ စစ်အာဏာရှင်ကပဲ ဒေါ်အောင်ဆန်းစုကြည်ကို အငြိုးတကြီးနဲ့ ထိုးနှက် တိုက်ခိုက်ခဲ့ပါတယ်။

ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြထားချက်တွေအရ သူ့ကို အမှုပေါင်း ၁၇ မှုနဲ့ တရားစွဲဆိုထားပြီး ထောင်ဒဏ် ၁၇၉ နှစ်အထိတောင် ချမှတ်နိုင်ပါတယ်။

ဒီလိုစွပ်စွဲမှုတွေ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် အသက်၇၇နှစ် အရွယ်ရှိနေပါပြီ။ စစ်အာဏာရှင်ရဲ့ ချုပ်နှောင်ဖမ်းဆီးခံထားရပေမယ့်လည်း လက်ရှိ အချိန်ထိ သူ့အပေါ်ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ၊ ချစ်တဲ့ စိတ်တွေ၊ ထောက်ခံမှုတွေက လျော့ကျသွားခြင်းမရှိဘဲ မြန်မာပြည်မှာ ဩဇာအကြီးမားဆုံး အမျိုးသမီး တစ်ယောက် ဖြစ်နေဆဲပါ။

စစ်တပ်ဟာ နှစ်ပေါင်းများစွာ သူ့ကို ပြင်းထန်စွာ ဖိနှိပ်ခဲ့ပေမယ့်လည်း အာဏာရလာချိန်မှာတော့ စစ်တပ်အပေါ် အလွန်သိမ်မွေ့စွာ ဆက်ဆံခဲ့တာကြောင့် ဒီမိုကရေစီအင်အားစုအချို့နဲ့ အတိုက်အခံ ဖြစ်ခဲ့ရပါတယ်။

“တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ပဲသွားမယ်ဆိုပြီး သွားခဲ့တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နေရာ ရလာပြန်တော့လည်း စစ်အုပ်စု အပေါ်မှာ အငြိုးထားခဲ့တာမရှိပါဘူး။ သူတို့ပေါ်မှာခွင့်လွှတ်ခဲ့တယ်” လို့ ဦးငြိမ်းသစ်က ဆိုပါတယ်။

ဒီလိုခွင့်လွှတ်ပြီး အမျိုးသားပြန်လည်တည်ဆောက်ရေးအတွက် ရုန်းကန်နေတဲ့ကြားထဲက စစ်တပ်ဟာ သူ့ကို အငြိုးတကြီးတိုက်ခိုက်ခဲ့ပါတယ်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာတောင် သူ့ကိုနေအိမ်အကျယ်ချုပ်သာ ချမှတ်ခဲ့ပေမယ့် ယခု အာဏာသိမ်း စစ်အုပ်စုကတော့ သူ့ကို ထောင်ဒဏ်အမိန့်ချမှတ်ပြီး အချုပ်ထောင်ကိုပါ ပို့ဆောင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ သူဟာ ဖခင်ရှိရာ အာဇာနည်ဗိမာန်ကို တက်ရောက်ဂါရဝ ပြုခွင့်မရတော့ဘဲ နေပြည်တော် အချုပ်ထောင်က အဆောက်အဦတစ်ခုထဲမှာ အာဇာနည်နေ့ကို ထပ်မံ ဖြတ်သန်းနေရပါပြီ။ ။

ဓာတ်ပုံ - ၂၀၁၇ ခုနှစ်က ပုံဟောင်းဖြစ်သည်။

#Mizzima

#ဆောင်းပါး

#ဒေါ်အောင်ဆန်းစုကြည်

#အာဇာနည်ဗိမာန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required